PSM(News)

ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၆

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး အခြေအနေများ တစ်နေ့တခြား ဆိုးရွားလာနေချိန်တွင် ရန်ကုန်အခြေစိုက် ဖင်လန်နိုင်ငံသံရုံးကလည်း ယခု ဖေဖော်ဝါရီလကုန်၌ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

နော့ဒစ် (Nordic) နှင့် ဥရောပအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဖင်လန်၊ ဒိန်းမတ်နှင့် နယ်သာလန် နိုင်ငံသံရုံး သုံး ရုံးစလုံးကို ၂၀၂၆ ခုနှစ်အတွင်း အပြီးသတ်ပိတ်သိမ်းရန် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ကြေညာခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဖင်လန်သံရုံးက ပထမဆုံး စတင်ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

သံရုံးပိတ်သိမ်းမှုကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစတင်ကာ လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းတို့၏ ကောင်စစ်ဝန်ဆောင်မှုများဖြစ်သည့် နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်လျှောက်လွှာနှင့် နိုတြီထောက်ခံချက် ဆိုင်ရာ လုပ်ငန်းအားလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးက ပြောင်းလဲတာဝန်ယူ ဆောင်ရွက် ပေးမည်ဖြစ်သည်။

ဗီဇာနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများကိုမူ ရန်ကုန်ရှိ ဂျာမနီသံရုံးက ကိုယ်စားပြု လုပ်ဆောင် ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် အနောက်နိုင်ငံများက သံတမန်အဆင့် လျှော့ချဆက်ဆံနေကြရာ နော့ဒစ် (Nordic) အဖွဲ့ဝင်ဖြစ်သည့် ဒိန်းမတ်သံရုံးကလည်း လာမည့်နှစ်ကုန်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာထားပြီးဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အကျပ်အတည်းများက သံရုံးများပိတ်သိမ်းရခြင်း၏ အဓိက အကြောင်းအရင်းများဖြစ်ပြီး ဖင်လန်သံရုံး ထွက်ခွာမှုသည် စစ်ကော်မရှင်၏ နိုင်ငံတကာဆက်ဆံရေး ပိုမိုအထီးကျန်လာမှုကို ဖော်ပြနေခြင်းဖြစ်သည်။

#စစ်အာဏာသိမ်းမှု

#နိုင်ငံတကာဆက်ဆံရေး

#ရန်ကုန်

#ဖင်လန်သံရုံး

#ပိတ်သိမ်း

#PSM_News

By Htet Ko