PSM (News)

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

‎ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးငူကျေးရွာဈေးတန်းကို စစ်ကော်မရှင်တပ်က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ငါး ဦးခန့် အပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ယနေ့ မွန်းလွဲ ၂ နာရီ ၇ မိနစ်ခန့်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ယိုးငူရွာဈေးတန်းကို ပစ်မှတ်ထားကာ အကြမ်းဖက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဈေးရောင်းဈေးဝယ်ပြုလုပ်နေသည့် အရပ်သား ပြည်သူ ၁၇ ဦး သေဆုံးကာ ၂၀ ဦးခန့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းဒေသ အတွင်း စစ်ဘေးသင့်ပြည်သူများအရေး ဆောင်ရွက်နေသူ စာရေးဆရာ ဝေဟင်အောင်ထံမှ သိရသည်။

“သေဆုံးနှုန်းက တက်လာတယ်။ ၁၇ ယောက်ရှိသွားပြီလို့ သိရတယ်။ ဒဏ်ရာရတဲ့သူက ၂၀ ကျော်လောက်ရှိတယ်။ အဲဒီထဲမှာ ကလေးတွေက များပါတယ်” ဟု စာရေးဆရာ ဝေဟင်အောင်က PSM ကိုပြောသည်။

အာရက္ခတပ်တော် (AA) ကလည်း စစ်ကော်မရှင်၏ တိုက်ခိုက်မှုတွင် အရပ်သား ၁၇ ဦး သေဆုံးကာ နေအိမ်နှင့် ဈေးဆိုင်ခန်းအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း အတည်ပြုထားပြီး PSM News က ရရှိထားသည့် မြေပြင်မှတ်တမ်းဓာတ်ပုံများတွင်လည်း ကလေးငယ် ငါး ဦးခန့်၏ ရုပ်အလောင်းများကို တွေ့ရသည်။

‎”လတ်တလော ကလေး ငါးဦးခန့်ဆိုပေမယ့် ကလေး လူကြီး အရေအတွက်ကို သဲသဲကွဲကွဲ မသိရသေးလို့ ကြိုးစားပြီးဆက်သွယ်နေတာရှိပါတယ်။ အဲ့ဒီဘက်မှာအင်တာနက်လိုင်းတွေ ဖုန်းလိုင်း‌တွေမရလို့ပါ” ဝေဟင်အောင်‎က ဆိုသည်။

‎စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကို စောင့်ကြည့်နေသည့် ဉာဏ်လင်းသစ် သုတေသန အဖွဲ့၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နောက်ဆုံး လေး လတာအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု ၆၄ ရာခိုင်နှုန်းကျော်သည် အရပ်သားများကိုသာ တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-ပေးပို့

ပုံစာ-စစ်ကော်မရှင်က ပုဏ္ဏားကျွန်း ယိုးငူရွာဈေးတန်းကို လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့မြင်ရစဉ်။

#ပုဏ္ဏားကျွန်း

#ယိုးငူရွာဈေးတန်း

#ဗုံးကြဲခံရ

#၁၇ဦးသေဆုံး

#PSM_News

By Htet Ko