PSM (News) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ ဂျာမနီနိုင်ငံ၊ မြူနစ်မြို့ တွင် ကျင်းပခဲ့သည့် (၆၂) ကြိမ်မြောက် မြူနစ်လုံခြုံရေးညီလာခံ (Munich Security Conference) သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခု ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကျင်းပခဲ့သည့် ကမ္ဘာ့ထိပ်သီးနိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံခြားရေးဝန်ကြီးများ၏ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။ “ဒီနှစ် Munich Security Conference မှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ ဖွင့်ပွဲအခမ်းအနား (Opening Session) ကို တက်ရောက်ခဲ့သလို၊ နောက်ဆက်တွဲ ဆက်စပ်ဆွေးနွေးပွဲ (Side Meetings) တွေလည်း ယခင်နှစ်တွေအတိုင်း ပြုလုပ်ခဲ့ပါတယ်” ဟုဒေါ်ဇင်မာအောင်က ရေးသားထားသည်။ NUG နိုင်ငံခြားရေးဝန်ကြီးသည် ညီလာခံကာလအတွင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို (Marco Rubio) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ (Wang Yi) တို့က လက်ရှိကမ္ဘာ့ရေးရာများအပေါ် ၎င်းတို့၏ မူဝါဒရပ်တည်ချက်များကို ပြောကြားခဲ့သည့် “The US in the World” နှင့် “The China in the World” ဆွေးနွေးပွဲများကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ “ရသမျှ နေရာတိုင်းမှာ တော်လှန်ရေးတာဝန်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အထောက်အပံ့ ဖြစ်နိုင်သမျှဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုထားသည်။ ကမ္ဘာ့အဆင့်မြင့်ဆုံး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုဖြစ်သည့် မြူနစ်လုံခြုံရေးညီလာခံသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား တရားဝင်ဖိတ်ကြားခံရမှုဖြင့် တက်ရောက်ခဲ့သည်မှာ ယခုနှစ်အပါအဝင် လေးနှစ်ဆက်တိုက် ရှိပြီဖြစ်ကြောင်း သိရသည်။ #NUG #ဒေါ်ဇင်မာအောင် #မြူနစ်လုံခြုံရေးညီလာခံ #PSM_News Post navigation စစ်ကော်မရှင်အတွက် လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်သည့် သင်္ဘောနှင့် ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM တောင်းဆို ပုဏ္ဏားကျွန်း ယိုးငူရွာဈေးတန်း ဗုံးကြဲခံရမှုတွင် ကလေးငယ် ၅ ဦးအပါအဝင် ၁၇ ဦး သေဆုံး