မောင်မောင်ကဲ/PSM (News) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ စစ်ကော်မရှင်၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုများကို အားပေး ကူညီနေသည့် လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်ပတ်သက်နေသော သင်္ဘောများနှင့် ကုမ္ပဏီများကို ပစ်မှတ်ထားကာ ညှိနှိုင်းဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် Justice For Myanmar (JFM) က နိုင်ငံတကာအစိုးရများသို့ တောင်းဆိုလိုက်သည်။ အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် ဩစတေးလျနိုင်ငံ အစိုးရများအနေဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှုများကို အသေအချာ တားမြစ်ပိတ်ပင်ရန် အရေးပေါ် လုပ်ဆောင်သင့်ကြောင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် JFM က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာအစိုးရများသို့ တောင်းဆိုရခြင်းနှင့်ပတ်သက်၍ Justice For Myanmar ၏ ပြောရေး ဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ဆီ ရောက်ရှိလာတဲ့ လေယာဉ်ဆီတင်ပို့မှု တိုင်းဟာ သူတို့ရဲ့ စစ်လေယာဉ်တွေကို ဝေဟင်ကနေ ပြည်သူတွေအပေါ် အကြမ်းဖက်နိုင်စေဖို့ အားပေးကူညီနေတာ ဖြစ်ပါတယ်။ ဒီသွေးစွန်းနေတဲ့ ကုန်သွယ်မှုကို အဆုံးသတ်နိုင်ဖို့ အခြားအစိုးရတွေအနေနဲ့ ကနေဒါနိုင်ငံရဲ့ ဦးဆောင်မှုအတိုင်း လေယာဉ်ဆီတင်ပို့မှုနဲ့ ရေကြောင်းအာမခံ ဝန်ဆောင်မှုတွေကိုပါ ပိတ်ပင်သင့်ပါ တယ်” ဟု ပြောသည်။ စစ်ကော်မရှင်၏ တရားမဝင်ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ အချက်အလက် များအရ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မက်ထရစ် တန်ချိန် ၆၄,၅၆၂ မှ ၁၀၆,၆၀၄ အထိ နှစ်ဆနီးပါး တိုးလာခဲ့ကြောင်း ပြသနေသည်။ ယခုကဲ့သို့ လေယာဉ်ဆီ တိုးမြှင့်တင်သွင်းနိုင်ခြင်းသည် အီရန်နိုင်ငံနှင့် ဆက်နွှယ်နေသည့် “မှောင်ခို သင်္ဘောအုပ်စု” များ၏ ပံ့ပိုးမှုကြောင့်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International-AI) နှင့် ရိုက်တာ သတင်းဌာနတို့၏ ဖော်ထုတ်မှုများအရ သိရသည်။ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ အကြိမ်ကြိမ် သယ်ယူပို့ဆောင်ပေးနေသည့် သင်္ဘော လေးစင်းနှင့် ၎င်းတို့၏ နောက်ကွယ်မှ ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းကာ ထိရောက်စွာ အရေးယူရန် JFM ကတောင်းဆို ထားပြီး အဆိုပါ သင်္ဘောများတွင် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အတွင်း လေယာဉ်ဆီ (၉) ကြိမ်တိုင် တင်ပို့ခဲ့သည့် BARAAWE 1 သင်္ဘော၊ ဗီယက်နမ်ကုမ္ပဏီများဖြစ်သော Legendsea နှင့် Allsea Management တို့ ပိုင်ဆိုင်စီမံသည့် LS MERCURY သင်္ဘောတို့ ပါဝင်သည်။ ထို့ပြင် အီရန်မှ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော လောင်စာဆီများကို သယ်ယူပို့ဆောင်လေ့ရှိပြီး ယူအေအီး အခြေစိုက် Sea Route Ship Management က စီမံခန့်ခွဲနေသည့် REEF နှင့် NOBLE သင်္ဘောများ ကိုလည်း ပစ်မှတ်ထား ပိတ်ဆို့ရန် JFM က တိုက်တွန်းထားသည်။ ထို့အပြင် လေယာဉ်ဆီများ၏ မူလဇစ်မြစ်ကို ဖုံးကွယ်ရန်နှင့် တစ်ဆင့်ပြန်လည်တင်ပို့ရန် အသုံးချ နေသည့် ဗီယက်နမ်နိုင်ငံရှိ Cai Mep Petroleum Terminal ဆိပ်ကမ်းကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှု များတွင် ထည့်သွင်းရန်လည်း JFM က အလေးပေး တောင်းဆိုထားသည်။ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်တွင် အဓိကကျပြီး စစ်ကော်မရှင်က ထိန်းချုပ်ထားသည့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) ကိုပါ အရေးယူပိတ်ဆို့ခြင်းဖြင့် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှု စွမ်းရည်ကို ဟန့်တားရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီများနှင့် ဆိပ်ကမ်းများ ပါဝင်ပတ်သက်နေမှုသည် မြန်မာ့အရေးအပေါ် အာဆီယံ၏ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ပျက်ကွက်မှုကို ပြသနေပြီး လေယာဉ်ဆီထောက်ပံ့ရေး ကွင်းဆက်တစ်ခုလုံးကို ဖြတ်တောက်နိုင်မှသာ စစ်ကော်မရှင်၏ အကြမ်းဖက်လေကြောင်း တိုက်ခိုက် မှုများကို ထိရောက်စွာ ဟန့်တားနိုင်မည်ဖြစ်ကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက် #စစ်ကော်မရှင် #လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက် #သင်္ဘောနှင့်ကုမ္ပဏီများ #ဒဏ်ခတ်ပိတ်ဆို့ #JFM #PSM_News Post navigation စစ်အုပ်စု၏ တတိယအကြိမ် လွှတ်တော်ခေါ်ရန် ရက်သတ်မှတ်၊ ကြံ့ခိုင်ရေးနှင့် စစ်တပ်ကိုယ်စားလှယ် ၅၀၀ ကျော်ဖြင့် အစိုးရဖွဲ့ကာ လွှတ်တော်ကို စိတ်ကြိုက်ခြယ်လှယ်မည် ၆၂ ကြိမ်မြောက် မြူနစ်လုံခြုံရေးညီလာခံသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်