မောင်မောင်ကဲ/PSM(News) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲရလဒ်များကို အခြေခံကာ လာမည့် မတ်လအတွင်း လွှတ်တော်အစည်းအဝေးများကို စတင်ခေါ်ယူ၍ အစိုးရအဖွဲ့အား စိတ်ကြိုက်ဖွဲ့စည်းကာ အာဏာကို အပြီးသတ်ချုပ်ကိုင်ရန် ပြင်ဆင်လိုက်ပြီဖြစ်သည်။ စစ်ကော်မရှင်၏ ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ တတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက်တွင် လည်းကောင်း၊ အမျိုးသားလွှတ်တော်ကို မတ်လ ၁၈ ရက်တွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို မတ်လ ၂၀ ရက်တွင် လည်း ကောင်း အသီးသီး ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခုခေါ်ယူမည့် လွှတ်တော်တွင် စစ်ကော်မရှင်၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီ (USDP) က ပြည်ထောင်စုလွှတ်တော် နှစ်ရပ်ပေါင်း၌ ၃၃၉ နေရာရထားပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ရွေးချယ်ထားသည့် ၂၅ ရာခိုင်နှုန်းသော စစ်တပ်ကိုယ်စားလှယ် ၁၆၆ ဦးအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း အင်အား ၅၀၅ ဦးဖြင့် နေရာယူထားကာ လွှတ်တော်ကို စိတ်ကြိုက်ခြယ်လှယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်၏ စုစုပေါင်းအမတ်နေရာ ၆၆၄ နေရာတွင် စစ်အုပ်စုနှင့် ၎င်း၏ လက်ဝေခံများက ၇၆ ရာခိုင်နှုန်းကျော် (သုံးပုံနှစ်ပုံကျော်) ကို အပိုင်စီးထားခြင်းဖြစ်ရာ ၎င်းတို့စိတ်ကြိုက် သမ္မတနှင့် အစိုးရအဖွဲ့ကို အတည်ပြုခန့်အပ်ပြီး စစ်တပ်ဦးဆောင်သည့် “အရပ်သားအရေခြုံအစိုးရ” အဖြစ် အသွင်ကူးပြောင်းနိုင်မည် ဖြစ်သည်။ စစ်ခေါင်းဆောင်က ၎င်းတို့၏ ရွေးကောက်ပွဲအတုမှ တစ်ဆင့် လွှတ်တော်ခေါ်ယူရန် အတင်းအကျပ်ပြင်ဆင်လာသော်လည်း ရွေးကောက်ပွဲ လုံး၀ကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်ပေါင်း ၇၀ နီးပါးရှိသည်။ အထူးသဖြင့် ကရင်နီ ၊ ချင်း၊ စစ်ကိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်အများအပြားတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဘဲ လွှတ်တော်အမတ်နေရာများစွာ လစ်လပ်နေသော်လည်း ၎င်းတို့အာဏာတည်မြဲရေးအတွက် လွှတ်တော် ခေါ်ယူရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။ ထူးခြားချက်အဖြစ် ယခင် လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော်အစည်းအဝေးကို ခေါ်ယူကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး အမျိုးသားလွှတ်တော်နှင့် တိုင်း/ပြည်နယ်လွှတ်တော်များအတွက်မူ ကာ/လုံ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ စစ်ကော်မရှင်က ယခုခေါ်ယူမည့် တတိယအကြိမ် လွှတ်တော်နှင့် ဖွဲ့စည်းမည့် အစိုးရသည် ပြည်သူ့များ၏ဆန္ဒပါဝင်ခြင်းမရှိဘဲ စစ်အုပ်စု၏ အာဏာကို အရေခြုံရန် ဖန်တီးထားသည့် “အရုပ်အစိုးရ” သာဖြစ်ပြီး စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတို့ ပေါင်းစပ်၍ စိတ်ကြိုက် ဥပဒေများပြဋ္ဌာန်းချယ်လှယ်မည့် စစ်အာဏာရှင်သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။ ဓာတ်ပုံ-လူမှုကွန်ရက် #စစ်အုပ်စု #တတိယအကြိမ်လွှတ်တော် #ရက်သက်မှတ် #စိတ်ကြိုက်ချယ်လှယ် #PSM_News Post navigation ငါးဇွန်မြို့နယ်တွင် စစ်ကော်မရှင်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ၁၀ဦးသေဆုံး၊ သေနတ် ၃လက်နှင့် ဒရုန်း ၁ စင်းရရှိ စစ်ကော်မရှင်အတွက် လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်သည့် သင်္ဘောနှင့် ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM တောင်းဆို