PSM(NEWS)

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည်၎င်း၏အုပ်ချုပ်မှုသက်တမ်းအတွင်း လူပေါင်းထောင်ချီ သတ်ဖြတ်ခံရမှုတွင် “အဓိကကျသူ” ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)မှအမှုလိုက်ရှေ့နေများကတနင်္လာနေ့တွင်ပြောကြားလိုက်ပြီး၎င်းကိုတရားစွဲဆိုရန်တွန်းအားပေးခဲ့ကြသည်။

သည်ဟိဂ်အခြေစိုက်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးမှအမှုလိုက်ရှေ့နေများသည်ရိုဒရီဂိုဒူတာတေးအားလူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် လူသတ်မှု ၃ မှုဖြင့်စွဲချက်တင်ထားသည်။ ၎င်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးအတွင်း သတ်ဖြတ်ခံရသူ အရေအတွက်မှာတရားဝင်ဖော်ပြထားသည်ထက်များစွာပိုမိုနိုင်ကြောင်းစွပ်စွဲသူများက ဆိုသည်။

“ဒူတာတေးရဲ့မူးယစ်ဆေးဝါးစစ်ဆင်ရေးလို့ ခေါ်တဲ့ လုပ်ရပ်ကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ကလေးငယ်တွေ အများကြီး ပါဝင်ပါတယ်” ဟု အမှုလိုက်ရှေ့နေ မားမီ နီယန်း က စွဲချက်များအားအတည်ပြုရန် ပြုလုပ်သည့် ရုံးတင်စစ်ဆေးမှုအဖွင့်တွင် ပြောကြားခဲ့သည်။ “မစ္စတာ ဒူတာတေး အနေနဲ့ဒီလုပ်ရပ်တွေအတွက်တာဝန်ခံရမှာဖြစ်ပြီး ဒီအမှုကို တရားခွင်အထိ တင်ပို့ဖို့ အတည်ပြုသင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ICC ၏ စည်းမျဉ်းများအရ အမှုကို တရားစွဲဆိုခြင်းမပြုမီတရားသူကြီးများက စွဲချက်များကို အတည်ပြုပေးရန် လိုအပ်သည်။

ရိုဒရီဂို ဒူတာတေး ၏ ရှေ့နေဖြစ်သူ နီကိုလပ်စ်ကော့ဖ်မန်းကမူဤစွဲချက်များသည် နိုင်ငံရေးအရ နောက်ကွယ်မှ ကြိုးကိုင်မှုများဖြစ်ပြီး၎င်း၏အမှုသည်အပေါ် နားလည်မှုလွဲနေခြင်းဖြစ်ကြောင်း ချေပခဲ့သည်။

“သူဟာလုံးဝအပြစ်မရှိဘူးလို့ခံယူထားပါတယ်” ဟု ကော့ဖ်မန်း က စွဲချက်များကို ပယ်ဖျက်ပေးရန် လျှောက်လဲခဲ့သည်။ “ဒူတာတေးရဲ့ပြောဆိုချက်တွေဟာဥပဒေကိုလေးစားလာအောင်ကြောက်စိတ်သွင်းတာပဲ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ရည်ရွယ်ချက်ဖြစ်ပြီးရာဇဝတ်မှုကျူးလွန်ဖို့ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ရိုဒရီဂို ဒူတာတေး သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးပြီးခဲ့သည့်မတ်လအတွင်းကဖမ်းဆီးခံရကာသည်ဟိဂ်မြို့သို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။

ICCအမှုလိုက်ရှေ့နေများ၏ အဆိုအရ ၎င်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်သူများနှင့် သုံးစွဲသူများကိုပစ်မှတ်ထားသတ်ဖြတ်ရန်အတွက်လူသတ်အဖွဲ့များကိုဖွဲ့စည်းခြင်း၊ရန်ပုံငွေထောက်ပံ့ခြင်းနှင့်လက်နက်တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ရိုဒရီဂို ဒူတာတေး ကမူ ၎င်းအနေဖြင့် ရဲတပ်ဖွဲ့ဝင်များကိုခုခံကာကွယ်သည့်အနေဖြင့်သာပစ်ခတ်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းအမြဲတစေခုခံပြောဆိုလေ့ရှိသည်။

တရားရုံးပြင်ပတွင် ရိုဒရီဂို ဒူတာတေး ကိုဆန့်ကျင်သူများစုဝေးခဲ့ကြပြီး“ဒူတာတေးကို တာဝန်ခံခိုင်းပါ”ဟုတဂါးလော့ဂ် (Tagalog)ဘာသာစကားဖြင့်ကြွေးကြော်ခဲ့ကြသည်။

အသက် ၈၀ အရွယ်ရှိ ရိုဒရီဂို ဒူတာတေး သည်၎င်း၏သိမှုစွမ်းရည်ကျဆင်းလာခြင်း ကြောင့် တရားခွင် လုပ်ငန်းစဉ်များကို နားလည်နိုင်စွမ်းမရှိတော့ဟုဆိုကာတရားရုံးသို့ တက်ရောက်မည် မဟုတ်ပေ။ သို့သော်လည်းပြီးခဲ့သည့်လကတရားသူကြီးများက ၎င်းသည် တရားရင်ဆိုင်ရန် ကျန်းမာရေးအရသင့်တော်သည်ဟုဆုံးဖြတ်ခဲ့သည်။

“ကျွန်မတို့အတွက်တော့ဒါဟာသူရဲဘောကြောင်တာပါပဲ”ဟုမူးယစ်ဆေးဝါးစစ်ဆင်ရေးတွင်မောင်ဖြစ်သူအသတ်ခံခဲ့ရသည့် ရှီရာ အက်စကူဒီရိုက ပြောသည်။ “ဒူတာတေး အနေနဲ့ တာဝန်ခံမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မတို့ သိပါတယ်”။

လာမည့်သောကြာနေ့တွင်ရုံးတင်စစ်ဆေးမှုများပြီးဆုံးပြီးနောက်တရားသူကြီးများသည် အမှုကို တရားစွဲဆိုရန် လုံလောက်သောသက်သေအထောက်အထား ရှိ၊ မရှိ ဆုံးဖြတ်ရန် ရက်ပေါင်း ၆၀ အထိ အချိန်ယူမည် ဖြစ်သည်။

ကိုးကား Reuters

#ဒူတာတေး

#မူးယစ်ဆေးဝါးစစ်ဆင်ရေး

#ICC

#ရုံးတင်စစ်ဆေးမှု

#PSM_News

By Htet Ko