PSM(NEWS) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ နီပေါနိုင်ငံ အနောက်ပိုင်းတွင် ခရီးသည်အပြည့်တင်ဆောင်လာသောဘတ်စ်ကားတစ်စီး တောင်စောင်းမှ ထိုးကျတိမ်းမှောက်ခဲ့ရာ ဗြိတိန်နိုင်ငံသားတစ်ဦးအပါအဝင် အနည်းဆုံး၁၉ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါခရီးသည်တင် ဘတ်စ်ကားသည် ကမ္ဘာလှည့်ခရီးသွားများ အကြားရေပန်းစားသော ပိုခါရာမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး မြို့တော်ခတ္တမန္ဒူအနောက်ဘက် ၈၀ ကီလိုမီတာအကွာရှိ ဒါဒင်းခရိုင် ဘီနီဂတ် အရောက်တွင် လမ်းပေါ်မှ ပေ မီတာ၂၀၀အောက်သို့ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ ၎င်းဘတ်စ်ကားသည် တောင်စောင်းအတိုင်း လိမ့်ဆင်းသွားခဲ့ပြီး ထရီရှူလီမြစ် ကမ်းပါးပေါ်သို့ ကျရောက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပရစ်သီအဝေးပြေးလမ်းမကြီး ပေါ်တွင် ဖြစ်ပွားခဲ့သော ယင်းမတော်တဆမှုအတွင်း ကားပေါ်တွင် လူပေါင်း ၄၄ ဦးခန့် လိုက်ပါလာခဲ့ပြီး၂၅ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများထဲတွင်နယူးဇီလန်နိုင်ငံသားတစ်ဦးနှင့်တရုတ်နိုင်ငံသားတစ်ဦးလည်း ပါဝင်ကြောင်းတာဝန်ရှိသူများက ဆိုသည်။ သေဆုံးသူများအနက်လက်ရှိအချိန်ထိ ကိုးဦး၏ရုပ်အလောင်းကိုသာ မည်သူမည်ဝါ ဖြစ်ကြောင်းအတည်ပြုနိုင်သေးကြောင်း သိရသည်။ ဒဏ်ရာရရှိသူများကို ခတ္တမန္ဒူ ရှိ အမျိုးသားဒဏ်ရာအထူးကုဗဟိုဌာန တွင် ဆေးကုသမှု ပေးလျက်ရှိသည်။ နီပေါနိုင်ငံဆိုင်ရာ တရုတ်သံရုံးကမူ ၎င်းတို့၏ နိုင်ငံသားတစ်ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ တောင်ကုန်းထူထပ်သော ဒေသတွင် လူသေဆုံးမှုများပြားသည့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ၂၀၂၄ခုနှစ်အတွင်းကလည်း လူပေါင်း၆၅ဦး လိုက်ပါလာသည့် ဘတ်စ်ကားနှစ်စီး ယင်းမြစ်အတွင်းသို့ပင် ထိုးကျခဲ့ဖူးပြီး ခရီးသည် အများစုမှာ သေဆုံးခြင်းသို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ နီပေါနိုင်ငံသည် တောင်တက်ခရီးစဉ်များအတွက် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားထောင်ပေါင်းများစွာကို ဆွဲဆောင်လျက်ရှိသော်လည်း တောင်ထူထပ်ပြီး လမ်းကျဉ်းမြောင်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ ညံ့ဖျင်းခြင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ကိုးကား The Independent #နီပေါ #ဗြိတိန်နိုင်ငံသား #မတော်တဆမှု #၁၉_ဦး_သေဆုံး #တောင်ပေါ်လမ်း #PSM_News Post navigation မလေးရှား ဆိုရှယ်မီဒီယာ နာမည်ကြီးသူ ခိုင်ရူလ် အာမင်းသည် ၁၂ နာရီအတွင်း ဒေါ်လာ ၇ သိန်းခွဲဖိုး ရောင်းချပြီး စံချိန်သစ်တင် ဒူတာတေးသည်လူသတ်မှုပေါင်းများစွာတွင် ‘အဓိကလက်သည်’ ဖြစ်သည်ဟု ICC အမှုလိုက်ရှေ့နေများ ပြောကြား