PSM(NEWS)

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ စူရင်ပြည်နယ်၊ မောင်းခရိုင်ရှိ အမှတ် (၂၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၏ ခဲယမ်းမီးကျောက် သိုလှောင်ရုံတစ်ခုတွင် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၇နာရီခွဲခန့်က ပေါက်ကွဲမှုနှင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က ထုတ်ပြန်သည်။

ထိုင်းတပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်းထိုင်ဆုဝရီ၏ပြောကြားချက်အရ အမှတ် (၂) စစ်တိုင်းဌာနချုပ်က အဆိုပါ ခဲယမ်းတိုက် မီးလောင်မှုကို ဌာနချုပ်သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးငြှိမ်းသတ်နိုင်ရန်အတွက် အမှတ် (၂၅) စစ်နယ်မြေမှတပ်ဖွဲ့ဝင်များနှင့်မီးသတ်ကားများကို စေလွှတ်ကာ ဒေသန္တရအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်ဝန်းကျင်လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။

ဘေးကင်းလုံခြုံရေးအတွက် ဒေသခံပြည်သူများအနေဖြင့် စူရင်မြို့ရှောင်လမ်းကို အသုံးမပြုကြရန်လည်း အကြံပြု နှိုးဆော်ထားသည်။

အဆိုပါဖြစ်စဉ်မှာ အဖျက်အမှောင့်လုပ်ရပ်ကြောင့် ဖြစ်နိုင်သည်ဟူသော ခန့်မှန်းချက်များနှင့် ပတ်သက်၍ ဗိုလ်ချုပ် ဝင်းထိုင်က အတည်မပြုနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူများအနေဖြင့် တရားဝင်သတင်းရင်းမြစ်များကိုသာ ယုံကြည်ကြရန်နှင့် လူထုအတွင်း ထိတ်လန့်တုန်လှုပ်မှုဖြစ်စေနိုင်သည့် အတည်မပြုနိုင်သော သတင်းအချက်အလက်များကို မျှဝေခြင်းမပြုကြရန်လည်း ၎င်းကတိုက်တွန်းထားသည်။

သတင်းများအရ အာဏာပိုင်များသည် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း မပေါက်ကွဲသေးသည့် ခဲယမ်းများ သို့မဟုတ် ကြွင်းကျန်ရစ်သည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထပ်မံပေါက်ကွဲနိုင်ခြေရှိသဖြင့် အဆိုပါနေရာတစ်ဝိုက်ကို တင်းကျပ်စွာ ပိတ်ဆို့ကန့်သတ်ထားဆဲဖြစ်သည်။

ကိုးကား Khaosod

#မီးလောင်မှု

#စူရင်ပြည်နယ်

#နယ်ခြားစောင့်ရဲတပ်ဖွဲ့

#ခဲယမ်းတိုက်

#ဘေးကင်းလုံခြုံရေး

#PSM_News

By Htet Ko