PSM (News)

ဇူလိုင် ၂၃၊ ၂၀၂၆

ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ အမျိုးသား နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦး အပါအဝင် အကျဉ်းသား စုစုပေါင်း ၅၀၀ ခန့်ကို အာဏာလုစစ်အုပ်စု၏ အကျဉ်းထောင်အာဏာပိုင်များက ယနေ့ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် သာယာဝတီအကျဉ်းထောင်သို့ ရုတ်တရက် ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

အာဏာလုစစ်အုပ်စု၏ အကျဉ်းထောင်အာဏာပိုင်များသည် ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ဝန်းကျင် အစောပိုင်းတွင် ထောင်ပြောင်းရွှေ့ခံရမည့်သူများကို ခြေချင်းများခတ်ကာ ၁၂ ဘီး မော်တော်ယာဉ်များဖြင့် သာယာဝတီအကျဉ်းထောင်သို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ထောင်ပြောင်းရွှေ့မည့် နာမည်စာရင်းများကို ယမန်နေ့ကတည်းက ကြိုတင် ခေါ်ယူထားခဲ့ခြင်း ဖြစ်ကြောင်း PPNM က ဆိုသည်။

ထို့ပြင် ထောင်ပြောင်းရွှေ့စဉ်အတွင်း အကျဉ်းသားတစ်ဦးလျှင် စောင် သုံး ထည်နှင့် အင်္ကျီ တစ် စုံ သာ သယ်ဆောင်ခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ကိုယ်ပိုင်ပစ္စည်းများနှင့် မိသားစုများ ပေးပို့ထားသည့် ထောင်ဝင်စာ ပစ္စည်းများကိုမူ အကျဉ်းထောင် အာဏာပိုင်များက အကြောင်းမဲ့ သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို ခြေချင်းခတ်ခြင်း၊ ကိုယ်ပိုင်ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် နံနက် အစောပိုင်းအချိန်များ၌ ရုတ်တရက် ထောင်ပြောင်းရွှေ့ခြင်းတို့သည် နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများအပေါ် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ စနစ်တကျ ညှင်းပန်းဖိနှိပ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ကြောင်း PPNM က ဆိုထားသည်။

ထိုသို့ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်နေမှုများကိုလည်း ဆက်လက် စောင့်ကြည့် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *