PSM(News) ဇူလိုင် ၂၃၊ ၂၀၂၆ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်အုပ်စုတပ်များကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်နှင့် ၎င်းတို့နှင့် ပူးပေါင်းနေသည့် ZRA (EC) တပ်ဖွဲ့ဝင် ခြောက် ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – ဇိုလဲန်း (PDF-Zoland/ZFU) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင် ကနေဒီတောင်နှင့် တီးတိန်မြို့ကြား ချီတက်လာသည့် အာဏာလု စစ်အုပ်စုတပ်များကို PDF-Zoland က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း အာဏာလုစစ်အုပ်စုတပ်ဘက်မှ ခြောက် ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများအနက် ဇိုမီတော်လှန်ရေးတပ်မတော် (ZRA EC) မှ တပ်ဖွဲ့ဝင် သုံး ဦး ပါဝင်ကြောင်း PDF-Zoland ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခု စစ်ဆင်ရေးသည် အာဏာလုစစ်အုပ်စုတပ်ကြား ဖြစ်ပွားသည့် တိုက်ပွဲတစ်ခုသာ ဖြစ်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရန်အတွက် စစ်အုပ်စု စစ်ကြောင်းကို တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း PDF-Zoland က အသိပေးထားသည်။ ကနေဒီတောင် သည် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်း တည်ရှိပြီး စစ်ရေးအရ ဗျူဟာမြောက် အဓိက စခန်းကုန်းတစ်ခု ဖြစ်သည်။ အာဏာလုစစ်အုပ်စုသည် ချင်းပြည်နယ်အတွင်း စစ်ရေးအရ အရေးနိမ့်နေပြီး နယ်မြေအများအပြား လက်လွှတ်ထားရသဖြင့် အဓိက လမ်းကြောင်းများနှင့် စခန်းကုန်းများကို ပြန်လည် စိုးမိုးနိုင်ရန် အင်အားဖြည့်တင်း စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ ဓာတ်ပုံ-PDF-Zoland ပုံစာ-ပြည်သူ့ကာကွယ်ရေးတပ်မတော် – ဇိုလဲန်း တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ Post navigation မြိုင်တွင် အာဏာလုစစ်အုပ်စုက သင်းမရွာကို မီးရှို့၍ ရေနံမှော်များဆီ ဦးတည်နေ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံ ၂ ဦး သေဆုံး တောင်ငူအကျဉ်းထောင်မှ နိုင်ကျဉ်း ၁၀၀ အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို အာဏာလုစစ်အုပ်စုက ခြေချင်းခတ်၍ သာယာဝတီထောင်သို့ ရုတ်တရက် ပြောင်းရွှေ့