PSM(News) ဇူလိုင် ၂၄ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီ ပျူစောထီးကျေးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီး တစ်ဦးကို အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ပြီး G3 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ ကြောင်း ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေးတပ်ရင်း၏ ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲထံမှ သိရသည်။ ဗိုလ်ပိုင်ချဲသည် ယနေ့ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ဇာဒီကျေးရွာ အနောက်ဘက်တွင် ကင်းစောင့် နေသော အာဏာလုစစ် တပ်၏ လက်အောက်ခံ ပျူစောထီးတစ်ဦးထံ ကွမ်းယာပေးမည့်ဟန်ဖြင့် ချဉ်းကပ်၍ “ကွမ်းယာ စားဦးမလား” ဟု မေးမြန်းကာ ပစ္စတိုဖြင့် အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “ပျူရွာပါပဲ။ သူတို့ရွာ အနောက်ဘက်ကို ကင်းစောင့်နေတာကို ဝင်ပစ်ပြီး လက်နက် ယူလာတာပါ” ဟု ဗိုလ်ပိုင်ချဲက အတည်ပြု ပြောကြားသည်။ ပစ်ခတ်ခံရသည့် ပျူစောထီးမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ဗိုလ်ပိုင်ချဲသည် သေဆုံးသူ ကိုင်ဆောင်သည့် G3 သေနတ်အား ကင်းတဲပေါ်မှ သိမ်းဆည်းယူဆောင်ခဲ့သည်။ အဆိုပါ ဇာဒီကျေး ရွာသည် အာဏာလုစစ်အုပ်စုတပ်နှင့် ပျူစောထီး အင်အား ၄၀ ခန့် အထိုင်ချ တပ်စွဲထားသည့် ရွာတစ်ရွာဖြစ်ကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ အနီးကပ် ဝင်ရောက်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့ကလည်း ဇီးကုန်းမြို့တွင် အာဏာလုစစ်အုပ်စု လက်အောက်ခံ ရဲနှင့် ပျူစောထီးတစ်ဦး ပစ်သတ်ခံရပြီး လက်နက် နှစ်လက် သိမ်းဆည်းရရှိခဲ့သည်။ ဗိုလ်ပိုင်ချဲသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဇီးကုန်းရဲစခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ချိန်တွင်လည်းကောင်း၊ ကန့်ဘလူနှင့် ရွှေဘိုမြို့နယ်များအတွင်းရှိ အာဏာလုစစ်တပ် စစ်ကြောင်းများအား တိုက်ခိုက်ရာတွင်လည်းကောင်း ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး တပ်ရင်းနှင့် အတူ ပါဝင်တိုက်ခိုက်ခဲ့သောကြောင့် ဒေသတွင်းတွင် ထိရောက်သည့် တော်လှန်ရေး ခေါင်းဆောင် တစ်ဦးအဖြစ် လူသိများသည်။ ပုံစာ- ဗိုလ်ပိုင်ချဲကို သေဆုံးသူ ကိုင်ဆောင်သည့် G3 သေနတ်နှင့်အတူတွေ့ရစဉ်။ Post navigation တောင်ငူအကျဉ်းထောင်မှ နိုင်ကျဉ်း ၁၀၀ အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို အာဏာလုစစ်အုပ်စုက ခြေချင်းခတ်၍ သာယာဝတီထောင်သို့ ရုတ်တရက် ပြောင်းရွှေ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အုပ်စု ငြင်းပယ်၊ နိုင်ငံ၏ အခြေအနေပေါ်မူတည်၍သာ အာဆီယံနှင့်ပူးပေါင်းမည်ဟု တုံ့ပြန်