PSM(News)

ဇူလိုင် ၂၃၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စီးနင်းနေသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်း သည် သင်းမကျေးရွာကို မီးရှို့ဖျက်ဆီးကာ ရေနံမှော်များဆီသို့ ဦးတည်စစ်ကြောင်းထိုး နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အာဏာလုစစ်အုပ်စုတပ်သည် ယမန်နေ့ ဇူလိုင်လ ၂၂ ရက်က သင်းမကျေးရွာအတွင်းသို့ စီးနင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် ယင်းရွာမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ဝက်ဖိုးကျေးရွာမှ ဒေသခံ ဇနီးမောင်နှံ နှစ်ဦး လက်နက်ကြီးကျရောက် ပေါက်ကွဲကာ သေဆုံးခဲ့ရသည်။

“ဝက်ဖိုးရွာက လင်မယား နှစ်ယောက် လက်နက်ကြီးထိပြီး သေတယ်။ နောက်တစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေရပါတယ်။ သင်းမရွာ မီးရှို့ခံရမှုမှာတော့ နေအိမ် အတိအကျ မသိရ သေးပါဘူး။ မနက် ၁၀ နာရီလောက်ကစပြီး မီးရှို့တာပါ။ သင်းမရွာမှာ အိမ်ခြေ ၂၀၀ ခန့် ရှိပါတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။

အဆိုပါ စစ်ကြောင်းသည် လတ်တလောတွင် သင်းမကျေးရွာနှင့် ဂျုပ်ကုန်းကျေးရွာတို့၌ တပ်ဖြန့်ထားပြီး မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ရှိ ရေနံမှော်များဆီသို့ ဦးတည် စစ်ကြောင်းထိုးမည်ဟု ယူဆရ ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အာဏာလုစစ်အုပ်စုသည် မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်အတွက် ပြီးခဲ့သည့် ဇွန် ၂၃ ရက်တည်း က ၎င်းတို့ အခြေစိုက်ထားသည့် မြိုင်စက်မှု (၂) အတွင်းသို့ ရဟတ်ယာဉ်များဖြင့် အင်အား ၁၀၀ ခန့်ကို ကနဦး စစ်ကူ ပို့ဆောင်ထားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇူလိုင် ၁၃ ရက်တွင် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ အင်အား ၇၀၀ ခန့်ကို ထပ်မံ စေလွှတ်ခဲ့ပြီး မြိုင်စက်မှု (၂) အတွင်းရှိ အင်အားများနှင့် ပေါင်းကာ စုစုပေါင်း အင်အား ၁,၀၀၀ ဝန်းကျင် ဖြင့် မြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုး စီးနင်းနေခြင်း ဖြစ်သည်။

ယခု ဇူလိုင်လအတွင်း မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး စီးနင်းကာ အရပ်သား များကို ဖမ်းဆီးသတ်ဖြတ်နေသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်း၏ လက်ချက်ကြောင့် အရပ်သား ၂၀ ဦးထက်မနည်း သေဆုံးထားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က ထုတ်ပြန်ထားသည်။

အာဏာလုစစ်အုပ်စု စစ်ကြောင်းသည် မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ ရေနံမှော်များဆီသို့ ဆက်လက် စစ်ကြောင်းထိုးမည် ဖြစ်သည့်အတွက် အဆိုပါ လမ်းကြောင်းပေါ်ရှိ ကျေးရွာများမှ ပြည်သူများ အနေဖြင့် စစ်ရေးသတိဖြင့် ဘေးလွတ်ရာသို့ ကြိုတင် ရှောင်ရှားကြရန် စစ်ရေးသတင်းရင်းမြစ်များက တိုက်တွန်းထားသည်။

ပုံစာ-အာဏာလုစစ်အုပ်စစ်ကြောင်း (ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *