PSM(News)

ဇူလိုင် ၂၂၊ ၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေသည့် အာဏာလုစစ်အုပ်စုတပ်၏ ရက်စက်စွာ သတ်ဖြတ်မှုများနှင့် လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများကြောင့် ယနေ့အချိန်အထိ အပြစ်မဲ့ ပြည်သူ ဦးရေ ၂၆ ဦးအထိ သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) နှင့် အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) တို့၏ သတင်းအချက်အလက်များအရ သိရသည်။

မြိုင်မြို့နယ်၊ သင်းမကျေးရွာ၌ တပ်စွဲထားသည့် အာဏာလုစစ်တပ်သည် ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက ပတ်ဝန်ကျင်း ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဝက်ဖိုးကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံ ပြည်သူ နှစ်ဦး ထပ်မံ သေဆုံးခဲ့ရသည်။

စစ်တပ်သည် နယ်မြေအတွင်း လှည့်လည်စစ်ကြောင်းထိုးစဉ် သက်ကြီးရွယ်အိုများ၊ စိတ်ကျန်းမာရေး မပြည့်ဝ သူများနှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ မြေပြင်တွင် အဆက်အသွယ် ပြတ်တောက်နေသည့် ကျေးရွာများ ရှိနေသေးသဖြင့် အာဏာလု စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်းက ဆိုသည်။

လက်ရှိ သေဆုံးသွားသည့် ဒေသခံများမှာ ထောက်ရှာပင်ရွာနှင့် ဘောတုံရွာတို့မှ ငါး ဦးစီ၊ ကွန်လပ်ရွာ၊ မိတ္ထီလာရွာ၊ သံချောင်းရွာနှင့် ဝက်ဖိုးရွာတို့မှ နှစ် ဦးစီ၊ သာစည်၊ နှင်းဆီကန်၊ ဝက်ပုတ်၊ ကုန်း၊ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမနှင့် ဝါးရင်ချိုင်ကျေးရွာတို့မှ တစ် ဦးစီ ဖြစ်ကြသည်။

အာဏာလုစစ်တပ်သည် ကျေးရွာများအတွင်း ဝင်ရောက်ကာ တွေ့ရှိသည့် ဒေသခံများကို ညှင်းပန်း နှိပ်စက် သတ်ဖြတ်မှုများ ဆက်တိုက် ကျူးလွန်နေသည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ၊ စစ်ရေးအသိဖြင့် ဘေးလွတ်ရာသို့ မဖြစ်မနေ ကြိုတင်ရှောင်ရှားကြရန် မြိုင် ပကဖ က အထူးမေတ္တာ ရပ်ခံထားသည်။

ထို့ပြင် စစ်အုပ်စုတပ်များ ဆုတ်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့သည့် မပေါက်ကွဲသေးသော စစ်ကျန် လက်နက် ကြီး/လက်နက်ငယ်များနှင့် မိုင်းများကို ပြည်သူများအနေဖြင့် ကိုင်တွယ်စမ်းသပ်ခြင်း မပြုကြရန်နှင့် တွေ့ရှိပါက နီးစပ်ရာ တော်လှန်ရေးတပ်ရင်း/တပ်ဖွဲ့များထံ ချက်ချင်း သတင်းပို့ကြ ရန်လည်း သတိပေးနှိုးဆော်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ရန်နှင့် တော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်းလည်း မြိုင်မြို့နယ် ပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-မြိုင် ပကဖ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed