PSM(News)

ဇူလိုင် ၂၃၊ ၂၀၂၆

Tik Tok ကဲ့သို့သော လူမှုကွန်ရက် အပလီကေးရှင်းများကို ကလေးငယ်များ အသုံးပြုခြင်းမှ တားမြစ်သည့် ဥပဒေကြမ်းကို ပြင်သစ်နိုင်ငံ လွှတ်တော်က ဇူလိုင်လ ၂၁ ရက် အင်္ဂါနေ့တွင် တရားဝင်အတည်ပြုလိုက်ပြီဖြစ်သည်။

၎င်းမှာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများထဲတွင် ပထမဆုံးအကြိမ် တားမြစ်သည့်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။

သမ္မတ အီမန်နျူရယ် မက်ခရွန် ၏ ရာထူးသက်တမ်း ကုန်ဆုံးတော့မည့်ကာလအတွင်း အဓိကပြုပြင်ပြောင်းလဲမှုတစ်ခုအဖြစ် ရှေ့တန်းမှနေ၍ ဦးဆောင်တွန်းအားပေးခဲ့ခြင်းဖြစ်ပြီး၊ စက်တင်ဘာလတွင် စတင်အသက်သွင်းသွားရန် မျှော်မှန်းထားသည်။

“ကျွန်ုပ်တို့ရဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ ဥရောပမှာ ပြင်သစ်က ရှေ့ဆောင်လမ်းပြနေပါတယ်” ဟု သမ္မတ မက်ခရွန်က လူမှုကွန်ရက်တွင် တင်ထားသည့် ဗီဒီယိုဖိုင်တစ်ခု၌ ပြောကြားခဲ့ပြီး ဤသည်မှာ “ကြီးမားသော ခြေလှမ်းတစ်ရပ်” ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။

အထက်လွှတ်တော်က အင်္ဂါနေ့အစောပိုင်းတွင် အတည်ပြုခဲ့ပြီးနောက် အောက်လွှတ်တော် က အဆိုပါဥပဒေကြမ်းကို ထောက်ခံမဲ ၂၇၉ မဲ၊ ကန့်ကွက်မဲ ၈၁ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်များအပေါ် လူမှုကွန်ရက်၏ ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေချိန်တွင် နိုင်ငံအများအပြားကလည်း ကန့်သတ်ချက်များ လုပ်ဆောင်လာကြသည်။

အဆိုပါ ပိတ်ပင်တားမြစ်ချက်ကို အဆင့်နှစ်ဆင့်ဖြင့် ကျင့်သုံးသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ အသက် ၁၅ နှစ်အောက် ကလေးငယ်များအနေဖြင့် အကောင့်အသစ်များ ဖွင့်လှစ်ခြင်းကို ပိတ်ပင်မည်ဖြစ်ကာ၊ ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင်မူ လက်ရှိအသုံးပြုနေသည့် အကောင့်များအပေါ်ပါ သက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

အသက်အတည်ပြုစစ်ဆေးသည့် ကိရိယာများ ရှိပြီးသားဖြစ်သောကြောင့် သတ်မှတ်ထားသော အချိန်ဇယားမှာ လက်တွေ့ကျကြောင်း ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး အန်း လီ ဟယ်နန်ဖ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုးကား- The Guardian

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *