PSM (News)

ဇူလိုင် ၂၄၊၂၀၂၆

ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကြောင့် အနည်းဆုံး လူ ၈၂ ဦး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးမြေများ၊ အခြေခံအဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်ပျက်စီးခဲ့ရသည်။

အိန္ဒိယနိုင်ငံ နိုင်ငံ၏ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရေကြီးရေလျှံမှုကြောင့် လူ ၁၀ ဦးထက်မက သေဆုံးခဲ့ပြီး၊ ယခုသီတင်းပတ်အတွင်း စုစုပေါင်း သေဆုံးသူ ၃၆ ဦးအထိ ရှိလာခဲ့သည်။ ပြည်နယ်အတွင်းရှိ ခရိုင် ၁၁ ခုမှ လူပေါင်း ၆၅၀,၀၀၀ ကျော်မှာ ရေဘေးဒဏ်ကို ခံစားခဲ့ရပြီး တာဝန်ရှိသူများက ဤဖြစ်ရပ်ကို မကြုံစဖူး ကြီးမားသော ပျက်စီးဆုံးရှုံးမှုအဖြစ် တင်စားပြောဆိုခဲ့ကြသည်။

အာသံပြည်နယ်အတွင်း ရေကြီးရခြင်းမှာ အိမ်နီးချင်း နာဂလန်းပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြစ်ရေစီးဆင်းမှုနှုန်း အလွန်တရာ မြင့်တက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံးမြစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဗြဟ္မပုတ္တရာမြစ် တည်ရှိရာ အာသံပြည်နယ်သည် မုတ်သုံရာသီရောက်တိုင်း နှစ်စဉ်လိုလို မြစ်ရေတိုးဆင်းမှုဒဏ်ကို ကြုံတွေ့နေရလေ့ရှိသည်။

လွန်ခဲ့သည့် ၇၂ နာရီအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၏ နူရစ္စတန်ပြည်နယ်နှင့် ပါကစ္စတန်နိုင်ငံ၏ ခိုင်ဘာပက်ခ်တွန်ခွာပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးပြီး အနည်းဆုံး လူ ၁၀၀ ဒဏ်ရာရရှိခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် အိမ်များနှင့် ဟိုတယ်များ မျောပါပျက်စီးခဲ့ရပြီး ပိတ်မိနေသူများကို ကယ်ဆယ်ရန် စက်ယန္တရားများကို အသုံးပြု လုပ်ဆောင်နေရသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *