PSM(News) ဇူလိုင် ၂၃၊၂၀၂၆ ပြီးခဲ့သည့်နှစ်က တိုက်ပွဲများ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် အမြဲတမ်းနယ်စပ်စည်းရိုး၏ ပထမဆုံးအပိုင်းကို တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ထိုင်းစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အရှေ့ပိုင်း ပွန်နမ်ရွန်ခရိုင်အတွင်းရှိ ၁.၃ ကီလိုမီတာ ရှည်လျားသည့် အဆိုပါကွန်ကရစ်စည်းရိုးသည် လက်နက်ငယ်များ၏ ပစ်ခတ်မှုကို ကာကွယ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ စုစုပေါင်း ၈၁၇ ကီလိုမီတာ ရှည်လျားသော နယ်စပ်တစ်လျှောက်တွင် နောက်ထပ် ၇ ကီလိုမီတာကျော်ကိုပါ ဆက်လက်တည်ဆောက်ရန် စီစဉ်ထားသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လနှင့် ဒီဇင်ဘာလများက နယ်မြေအငြင်းပွားမှုကြောင့် ဖြစ်ပွားခဲ့သော အကြမ်းဖက်ပဋိပက္ခများတွင် လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ပြီး ၃၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရသည်။ ဇူလိုင်လတိုက်ပွဲများကို အမေရိကန်သမ္မတ ဒေါ်နယ်ထမ့်၏ ဝင်ရောက်စွက်ဖက်မှုဖြင့် ရပ်တန့်နိုင်ခဲ့သော်လည်း ဒီဇင်ဘာလတွင် ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။ လက်ရှိတွင် နယ်စပ်နှစ်ဖက်စလုံး၌ တပ်ဖွဲ့ဝင်များကို ဆက်လက်ချထားဆဲဖြစ်သည်။ ကိုးကား-Reuters Post navigation ဗင်နီဇွဲလား သမ္မတဟောင်း မာဒူရို၏ မူးယစ်မှောင်ခိုမှုအမှု ရုံးချိန်းအတွက် အမေရိကန်တရားရုံးသို့ ရောက်ရှိမည် ပြင်သစ်တွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်သုံးစွဲခွင့် တားမြစ်