PSM(News) ဇူလိုင် ၂၃၊၂၀၂၆ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဗင်နီဇွဲလား သမ္မတဟောင်း နီကိုလက်စ် မာဒူရိုနှင့် ဇနီးဖြစ်သူ ဆီလီယာ ဖလိုရက်စ်တို့သည် မူးယစ်ဆေးဝါးမှောင်ခိုမှု အမှုတွဲနှင့်ပတ်သက်သည့် ရုံးချိန်းစာရင်းဇယားများကို ဆွေးနွေးရန် ဗုဒ္ဓဟူးနေ့တွင် မန်ဟက်တန် ဖယ်ဒရယ်တရားရုံးသို့ ထပ်မံရောက်ရှိမည်ဖြစ်သည်။ အမေရိကန်ခရိုင်တရားသူကြီး အယ်လ်ဗင် ဟယ်လာစတိုင်း ရှေ့မှောက်၌ ပြုလုပ်မည့် ယခုရုံးချိန်းတွင် ၂၀၂၇ ခုနှစ် ဇွန်လ၌ အမှုစတင်စစ်ဆေးရန် နှစ်ဖက်ရှေ့နေများက အဆိုပြုထားသည်များကို တရားသူကြီးက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ မာဒူရိုဘက်မှ ရှေ့နေများသည် အချုပ်အခြာအာဏာပိုင် နိုင်ငံခေါင်းဆောင်၏တရားစွဲဆိုခံရခြင်းမှကင်းလွတ်ခွင့်(Head-of-state immunity)ဖြင့်အမှုပယ်ချပေးရန် စက်တင်ဘာလ ၂ ရက်နေ့တွင် လျှောက်လဲချက်တင်သွင်းရန် စီစဉ်ထားသည်။ သမ္မတ ဒေါ်နယ်ထမ့်၏ အမိန့်အရ အမေရိကန်အထူးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၃ ရက်က ကာရာကက်စ်မြို့ရှိ နေအိမ်တွင် ၎င်းတို့ကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နူးယောက်မြို့သို့ ခေါ်ဆောင်ကာ ကိုကင်းတင်ပို့မှုစွဲချက်များဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ မာဒူရိုကမူ အဆိုပါစွဲချက်များကို ငြင်းဆိုထားပြီး ၎င်းကို ဖမ်းဆီးမှုသည် တရားမဝင်ကြောင်းနှင့် မိမိသည် “စစ်သုံ့ပန်း” ဖြစ်ကြောင်း ထွက်ဆိုထားသည်။ မာဒူရို ဖမ်းဆီးခံရပြီးနောက် ဒုတိယသမ္မတဟောင်း ဒယ်စီ ရိုဒရီဂတ်ဇ်က နိုင်ငံကို အုပ်ချုပ်လျက်ရှိပြီး၊ ဝါရှင်တန်နှင့် ကာရာကက်စ်အစိုးရတို့၏ ဆက်ဆံရေးမှာလည်း တိုးတက်ကောင်းမွန်လာကာ အမေရိကန်ဘက်က ရေနံကဏ္ဍ ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့် ကယ်ဆယ်ရေးအကူအညီများ ပံ့ပိုးပေးခြင်းတို့ ပြုလုပ်လျက်ရှိသည်။ ကိုးကား-Reuters Post navigation အိန္ဒိယနိုင်ငံတွင် ကျောင်းသားဆန္ဒပြပွဲများကြောင့် ဝန်ကြီးချုပ် မိုဒီအတွက် အတိုက်အခံများကို နေရာပေးမိသကဲ့သို့ ဖြစ်လာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စည်းရိုးတည်ဆောက်မှုကို ထိုင်း ဆက်လက်လုပ်ဆောင်