PSM(News)

ဇူလိုင် ၂၃၊၂၀၂၆

အိန္ဒိယနိုင်ငံ၌ အစိုးရ၏ စာမေးပွဲမေးခွန်း ပေါက်ကြားမှုနှင့် အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သည့် ကျောင်းသားများနှင့် လူငယ်များ၏ ဆန္ဒပြပွဲများ ကျယ်ပြန့်လာခြင်းသည် ဝန်ကြီးချုပ် နရန်ဒြာ မိုဒီ၏ အစိုးရအပေါ် ဖိအားဖြစ်စေပြီး အတိုက်အခံပါတီများအတွက် လူငယ်မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် ရှားပါးသည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာစေခဲ့သည်။

မြို့တော် နယူးဒေလီမြို့တွင် ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့က ရာဘာတုတ်များ၊ ရေပက်ပိုက်များနှင့် နှိမ်နင်းခဲ့ခြင်းကြောင့် လူငယ်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အတိုက်အခံပါတီများက ဆန္ဒပြသူများနှင့်အတူ ပူးပေါင်းရပ်တည်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို စတင်ဖော်ဆောင်ခဲ့သည့် အဖွဲ့အစည်းက အတိုက်အခံများ၏ ထောက်ပံ့ကူညီမှုနှင့် တရားဝင် ထောက်ခံအားပေးမှုများကို ကြိုဆိုခဲ့ကြသော်လည်း ၎င်းတို့၏ လှုပ်ရှားမှုသည် နိုင်ငံရေးပါတီများ၏ လွှမ်းမိုးခြင်းမခံရဘဲ သီးခြားရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ အတိုက်အခံပါတီများအနေဖြင့် လာမည့်ပြည်နယ်ရွေးကောက်ပွဲများနှင့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများအတွက် လူငယ်ထု၏ ထောက်ခံမှုကို ရယူရန် ကြိုးပမ်းလာကြသော်လည်း ကျောင်းသားများ၏ မူလရည်မှန်းချက်များနှင့် ဆန္ဒပြမှုများ၏ အနှစ်သာရမှာ နိုင်ငံရေးအကျိုးအမြတ်ရှာဖွေမှုများကြောင့် မှေးမှိန်သွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း သတိပေးပြောဆိုထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *