PSM(NEWS)
မတ် ၂၂ ၊ ၂၀၂၆

ပြီးခဲ့သည့်လ အစောပိုင်းက ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် သင်္ဘောသားများမပါဘဲ အလိုအလျောက် မျောပါနေသည့် ရုရှားနိုင်ငံပိုင် သဘာဝဓာတ်ငွေ့ရည်(LNG) တင် သင်္ဘောတစ်စင်းသည် လစ်ဗျားကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနေသဖြင့် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် ကျွမ်းကျင်ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုလိုက်ကြောင်း လစ်ဗျားအမျိုးသား ရေနံကော်ပိုရေးရှင်း (NOC) က စနေနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

Arctic Metagaz အမည်ရှိ အဆိုပါသင်္ဘောကို လစ်ဗျားဆိပ်ကမ်းတစ်ခုသို့ ဆွဲယူသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ ရေနံဆိုင်ရာ အဆောက်အအုံများတွင် ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ခြေမရှိကြောင်း NOC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီတလီ၊ ပြင်သစ်၊ စပိန်နှင့် အခြားဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် တောင်ပိုင်း ၆ နိုင်ငံတို့က အဆိုပါသင်္ဘောသည် “ကြီးမားသော ဂေဟစနစ် ပျက်သုဉ်းမှု ဘေးအန္တရာယ်ကို ကျရောက်စေနိုင်သည့် အနီးကပ်ခြိမ်းခြောက်မှု” ဖြစ်နေကြောင်း ပြီးခဲ့သည့်အပတ်က ဥရောပကော်မရှင် (European Commission) ထံ သတိပေးစာ ရေးသားပေးပို့ခဲ့ကြသည်။

သို့သော် လစ်ဗျား NOC က ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုကို “အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ကြောင်း” နှင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးပေါ် တုံ့ပြန်ရေးစခန်းတစ်ခု ဖွင့်လှစ်ထားကြောင်း ဆိုသည်။

ရုရှားနိုင်ငံ၊ မူမန့်စ်ခ်ဆိပ်ကမ်းမှ LNG များ တင်ဆောင်လာသည့် အဆိုပါသင်္ဘောသည် ယူကရိန်းရေတပ်၏ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်ဟု ရုရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက မတ်လအစောပိုင်းတွင် ပြောကြားခဲ့ပြီး နောက်ပိုင်း သင်္ဘောသားများမပါဘဲ ပစ်ထားခြင်း ခံခဲ့ရခြင်းဖြစ်သည်။

လတ်တလော ရက်ပိုင်းအတွင်း လစ်ဗျားကမ်းလွန်တွင် ထိခိုက်ပျက်စီးမှုများ ထပ်မံ ကြုံတွေ့ရပြီးနောက် ထိန်းချုပ်မှုမဲ့ဖြစ်နေပြီး လေနှင့်လှိုင်းဒဏ်ကြောင့် ကမ်းခြေဘက်သို့ တဖြည်းဖြည်းချင်း မျောပါလာခြင်းဖြစ်ကြောင်း NOC က ရှင်းပြသည်။

အဆိုပါအရေးပေါ် စာချုပ်ကို အီတလီရေနံကုမ္ပဏီ Eni နှင့် ပူးပေါင်းဆောင်ရွက်နေသည့် Mellitah Oil and Gas မှတစ်ဆင့် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အီတလီ အရာရှိတစ်ဦး၏ သောကြာနေ့က ပြောကြားချက်အရ အဆိုပါသင်္ဘောပေါ်တွင် လောင်စာဆီအဖြစ် အသုံးပြုသည့် လေးလံသော ရေနံစိမ်း ၄၅၀ မက်ထရစ်တန်နှင့် ဒီဇယ် ၂၅၀ တန် တင်ဆောင်ထားပြီး LNG ပမာဏမှာမူ အတိအကျ မသိရသေးကြောင်း၊ အချို့မှာ ဓာတ်ငွေ့ပြန်ဖြစ်ကာ လွင့်စင်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။

ကိုးကား Reuter

By Htet Ko