PSM(NEWS) မတ် ၂၂ ၊ ၂၀၂၆ ဟော်မုဇ်ရေလက်ကြားသည် “အီရန်၏ ရန်သူများ” နှင့် ဆက်နွှယ်နေသည့် သင်္ဘောများမှလွဲ၍ ကျန်သင်္ဘောများအားလုံး ဖြတ်သန်းသွားလာနိုင်ရန် ဆက်လက် ဖွင့်လှစ်ထားကြောင်း ကုလသမဂ္ဂ ရေကြောင်းအေဂျင်စီဆိုင်ရာ အီရန်ကိုယ်စားလှယ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက်သည် ၄၈ နာရီအတွင်း ရေလမ်းကြောင်းကို “အပြည့်အဝ မဖွင့်လှစ်ပါက” အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ပစ်မှတ်ထားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ခြိမ်းခြောက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း အီရန်၏ တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှု ငါးပုံတစ်ပုံခန့် စီးဆင်းရာ အဆိုပါ ကျဉ်းမြောင်းသော ရေလက်ကြားတွင် သင်္ဘောအများစု ဖြတ်သန်းသွားလာခြင်း မရှိတော့ဘဲ ဖြစ်နေသည်။ ယင်းအခြေအနေကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍတွင် ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အီရန်ကိုယ်စားလှယ် အလီ မူဆာဗီ က ပင်လယ်ကွေ့အတွင်း ရေကြောင်းဘေးကင်းလုံခြုံရေး တိုးမြှင့်ရန်နှင့် သင်္ဘောသားများကို အကာအကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (International Maritime Organisation) နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် “အီရန်၏ ရန်သူများ” နှင့် ဆက်နွှယ်မှုမရှိသည့် သင်္ဘောများသည် တီဟီရန် နှင့် လုံခြုံရေးဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများကို ညှိနှိုင်းပြီး ရေလက်ကြားကို ဖြတ်သန်းနိုင်သည်ဟု ၎င်းက ဆိုသည်။ “သံတမန်ရေးရာက အီရန်အတွက် ဦးစားပေးအဖြစ် ရှိနေဆဲပါ။ ဒါပေမဲ့ ကျူးကျော်စော်ကားမှုတွေ လုံးဝရပ်တန့်သွားဖို့နဲ့ နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်” ဟု အလီ မူဆာဗီက ပြောကြားခဲ့သည်။ လက်ရှိ ဟော်မုဇ်ရေလက်ကြားတွင် ဖြစ်ပေါ်နေသည့် အခြေအနေများ၏ “ဇစ်မြစ်” မှာ အီရန်အပေါ် အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။ ကိုးကား Reuters #ရေနံတင်သင်္ဘော #ဟော်မုဇ်ရေလက်ကြား #အီရန် #ရန်သူ_ဆက်နွှယ်မှုမရှိ #ဖွင့်လှစ်ထား #PSM_News Post navigation ဗြိတိန်၏ နျူကလီးယား ရေငုပ်သင်္ဘောအခြေစိုက်စခန်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းသူ အီရန်အမျိုးသားနှင့် ရိုမေးနီးယားအမျိုးသမီးတို့အား တရားစွဲဆို ကမ်းခြေသို့ မျောပါလာသည့် ရုရှားစွမ်းအင်တင် သင်္ဘောကို ကိုင်တွယ်ဖြေရှင်းရန် လစ်ဗျားအစိုးရမှ ကုမ္ပဏီတစ်ခုကို ငှားရမ်း