PSM(NEWS)
မတ် ၂၃၊ ၂၀၂၆

လူကြိုက်များရေးဝါဒီ ဝန်ကြီးချုပ် အန်ဒရေးဘာဘစ်ရှ် ဦးဆောင်သော ချက်အစိုးရသစ်၏ မူဝါဒများနှင့် အစီအစဉ်များကို ဆန့်ကျင်သည့်အနေဖြင့် စနေနေ့တွင် ပရာ့ဂ်မြို့၌ လူသောင်းနှင့်ချီ၍ဆန္ဒပြခဲ့ကြသည်။

ချက်သမ္မတနိုင်ငံတစ်ဝှမ်းမှ လာရောက်ကြသူများသည် ၁၉၈၉ ခုနှစ် ကွန်မြူနစ်စနစ် ပြိုလဲစေရန် အဓိကတွန်းအားပေးခဲ့သည့် လက်တ်နာပန်းခြံတွင် ငြိမ်းချမ်းစွာ စုဝေးခဲ့ကြခြင်းဖြစ်သည်။

ဘီလီယံနာတစ်ဦးဖြစ်သူ ဘာဘစ်ရှ်နှင့် ၎င်း၏ ညွန့်ပေါင်းအစိုးရအဖွဲ့သည် ဒီမိုကရေစီကို ခြိမ်းခြောက်နေပြီး ယူကရိန်းကို ထောက်ခံအားပေးမှုမှ သွေဖည်ကာ အာဏာရှင်ဆန်သော လမ်းကြောင်းသို့ နိုင်ငံကို ဦးတည်နေသည်ဟု ဆန္ဒပြသူများက စိုးရိမ်မကင်း ဖြစ်နေကြသည်။

စီစဉ်သူများ၏ ခန့်မှန်းချက်အရ လူဦးရေ ၂၀၀,၀၀၀ ခန့်ရှိသော လူအုပ်ကြီးသည် ချက်နိုင်ငံတော်အလံများကို ဝှေ့ယမ်းခဲ့ကြပြီး “ဒီမိုကရေစီကို ကာကွယ်ကြစို့”ဟု ရေးသားထားသော စာတမ်းများကိုလည်း ကိုင်ဆောင်ထားကြသည်။

“ကျွန်တော်တို့ နိုင်ငံကို စလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့ လျှောက်လှမ်းနေတဲ့လမ်းကြောင်းပေါ် ဆွဲတင်မခံရဖို့အတွက် အခုလို လာရောက်ကန့်ကွက်တာဖြစ်ပါတယ်”ဟု ဒီမိုကရေစီအတွက် သန်းနှင့်ချီသော အခိုက်အတန့်များ’ (Million Moments for Democracy) အဖွဲ့မှ ခေါင်းဆောင် မီကူလက်ရှ် မီနာရှ်ကရုရှားလိုလားပြီး အာဏာရှင်ဆန်သော အိမ်နီးချင်းနိုင်ငံများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

ဘာဘစ်ရှ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ရွေးကောက်ပွဲတွင် ၎င်း၏ ANO (သို့မဟုတ်) YES လှုပ်ရှားမှုအဖွဲ့ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက်အာဏာပြန်ရလာခဲ့ခြင်းဖြစ်သည်။

၎င်းသည် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးပါတီဖြစ်သော ‘လွတ်လပ်မှုနှင့် တိုက်ရိုက် ဒီမိုကရေစီပါတီ’ (Freedom and Direct Democracy) နှင့် ‘မော်တော်ယာဉ်မောင်းသူများအဖွဲ့’ (Motorists for Themselves) ဟူသောအဖွဲ့ငယ်နှစ်ခုနှင့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းခဲ့သည်။

အစိုးရသစ်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဥရောပသမဂ္ဂ (EU) ၏ အဓိကမူဝါဒအချို့ကို ကန့်ကွက်ထားပြီး ယူကရိန်းအတွက် ငွေကြေးအကူအညီနှင့် ချေးငွေအာမခံချက်များကိုလည်း ပယ်ချထားသည်။

ဤလုပ်ရပ်ကြောင့် ၎င်းသည် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်နှင့် စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကို တို့နှင့် ရပ်တည်ချက် တူညီသွားခဲ့သည်။

ထို့ပြင် အစိုးရသစ်သည် ရုရှား၏ ‘နိုင်ငံခြားအေးဂျင့်ဥပဒေ’ကို အတုယူထားသည့် ဥပဒေမူကြမ်းတစ်ခုကို ပြင်ဆင်နေသည်။ ယင်းဥပဒေအရနိုင်ငံခြားအကူအညီရယူပြီး နိုင်ငံရေးလှုပ်ရှားမှု လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) နှင့် လူပုဂ္ဂိုလ်များသည် မှတ်ပုံတင်ရမည်ဖြစ်ပြီးပျက်ကွက်ပါက ဒဏ်ငွေအမြောက်အမြား ပေးဆောင်ရမည်ဖြစ်သည်။

“ဒီဥပဒေဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့အတွက်အလွယ်တကူ အသုံးပြုသွားနိုင်ပါတယ်” ဟု သိပ္ပံအကယ်ဒမီ အကြီးအကဲဟောင်းဗားကလပ် ပါချက်စ်က လူထုအားပြောကြားခဲ့သည်။

အခြားအစီအစဉ်တစ်ခုမှာ အစိုးရပိုင် ရေဒီယိုနှင့် ရုပ်သံလိုင်းများ၏ ရန်ပုံငွေစနစ်ကို ပြောင်းလဲရန်ဖြစ်ပြီး ယင်းသည် အစိုးရအား ရုပ်သံလွှင့်လုပ်ငန်းများအပေါ် ထိန်းချုပ်ခွင့် ရရှိစေမည်ဟု ဝေဖန်သူများက ဆိုကြသည်။

ဘာဘစ်ရှ်၏ အီးယူ(EU) ထောက်ပံ့ကြေး ဒေါ်လာ၂သန်း အလွဲသုံးစားမှုဖြင့် တရားစွဲဆိုနိုင်ရန်အတွက် လွှတ်တော်က ၎င်း၏ ကင်းလွတ်ခွင့်ကို ရုပ်သိမ်းရန်ငြင်းဆန်ခဲ့ပြီးနောက် ယခုကဲ့သို့ လူထုဆန္ဒပြပွဲကို ကျင်းပရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စီစဉ်သူများက ပြောသည်။

၎င်း၏ လွှတ်တော်သက်တမ်း ကုန်ဆုံးမည့် ၂၀၂၉ ခုနှစ် နောက်ပိုင်းမှသာ ၎င်းကို တရားရင်ဆိုင်စေနိုင်မည် ဖြစ်သည်။

ထို့အတူ လွှတ်တော်ဥက္ကဋ္ဌ တိုမီယို အိုကာမူရာအား အမုန်းတရား လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခွင့်ပြုရန် တောင်းဆိုချက်ကိုလည်း လွှတ်တော်က ပယ်ချခဲ့သည်။

ယင်းဆုံးဖြတ်ချက်များသည် နိုင်ငံကို “သာမန်ပြည်သူများ” နှင့် “အထိအတွေ့မခံသော အထူးအခွင့်အရေးရသူများ”ဟူ၍ နှစ်မျိုးခွဲခြားလိုက်ခြင်း ဖြစ်သည်ဟု‘ သန်းနှင့်ချီသော အခိုက်အတန့်များ’ အဖွဲ့က ဆိုသည်။

“ကျွန်တော့်အတွက် အလွန်အရေးကြီးတဲ့ အရာကို ကာကွယ်ဖို့လာခဲ့တာပါ။ ကျွန်တော်တို့ ရရှိထားတဲ့ စနစ်နဲ့ လွတ်လပ်ခွင့်ဆိုတာ အလိုအလျောက် တည်မြဲနေမှာ မဟုတ်ဘူးဆိုတာ သိပါတယ်၊ ဒါကြောင့် ဒါကို ကာကွယ်ဖို့က အရေးကြီးပါတယ်” ဟု အသက် ၁၉နှစ် အရွယ် ကျောင်းသား မိုက်ကယ်လ် ချာနိုလာဗက် က ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများကို ဆက်လက်ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ကိုးကား AP

By Htet Ko