PSM(News)
မတ် ၂၃၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူများသည် အကျဉ်းထောင် ဝန်ထမ်းများ၏ ကျွန်ပြုခိုင်းစေမှု၊ ဖိနှိပ်မှုနှင့် အာဏာအလွဲသုံးစားလုပ်မှုများကို စဉ်ဆက်မပြတ် ကြုံတွေ့နေရကြောင်း နိုင်ငံ ရေးအကျဉ်းသူများအဖွဲ့ (WOPP) က ယနေ့ မတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ အကျဉ်းထောင်အတွင်းရှိ ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသူများကို ၎င်းတို့၏ ကလေးများအား ထိန်းခိုင်းခြင်းနှင့် အဝတ်အစားများ လျှော်ခိုင်းခြင်းစသည့် ကိုယ်ရေးကိုယ်တာ ကိစ္စများကို အဓမ္မခိုင်းစေနေသည့်အပြင်၊ နေမကောင်း၍ ဆေးကုသမှုတောင်းခံပါကလည်း ပြုလုပ်နေကြောင်း သိရသည်။

အကျဉ်းသူများအား ပေးဝေသည့် အစားအသောက်များမှာ အာဟာရမလုံလောက်သည့်အပြင် ထမင်းပေးဝေရာတွင်လည်း အကျဉ်းထောင်ဝန်ထမ်းများ မွေးမြူထားသော တိရစ္ဆာန်များကို ကျွေးရန် အတွက် အရင်ဦးစွာ ဖယ်ထုတ်ပြီးမှသာ အကျဉ်းသူများကို ပေးဝေနေခြင်းဖြစ်သည်။

ထို့အပြင် သောက်သုံးရေ မလုံလောက်မှုကြောင့် အကျဉ်းသူများတွင် ကျောက်ကပ်ရောဂါများ ဖြစ်ပွားနေသော်လည်း ပြင်ပမှ ရေသန့်လှူဒါန်းမှုကို ခွင့်မပြုဘဲ ထောင်ဝန်ထမ်းများက ရေသန့်များကို ဈေးကြီးပေး၍ ပြန်လည်ရောင်းချနေကြောင်း WOPP က ဆိုသည်။

အကျဉ်းထောင်အတွင်း အခြေခံသန့်ရှင်းရေး မလုံလောက်မှုကြောင့် အရေပြားရောဂါများ ကူးစက်ပြန့်ပွားနေပြီး အိမ်မှပို့သည့် တစ်ကိုယ်ရေသုံးပစ္စည်းများကိုလည်း ထောင်ဝန်ထမ်းများက သိမ်းဆည်း၍ အသုံးပြုနေကြသည်။

ယင်းအပြင် အကျဉ်းထောင်အတွင်း အဆောင်ပြောင်းရန်၊ ထောင်ဝင်စာတွေ့ရန်နှင့် လွတ်ရက်လျှော့ပေါ့ ရရှိရန်တို့အတွက် အကျဉ်းထောင်အာဏာပိုင်များက ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ အတိအလင်း တောင်း ခံနေသည့် လာဘ်ပေးလာဘ်ယူမှုများလည်း အမြစ်တွယ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အရေးယူရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကျဉ်းထောင်အတွင်း အခြေအနေများကို အနီးကပ်စောင့်ကြည့်ပေးရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က တိုက်တွန်းထားသည်။

ပုံစာ-ရွှေဘိုအကျဉ်းထောင်အားတွေ့ရစဉ် (ပုံဟောင်း)

By Htet Ko