PSM(News) မတ် ၂၁၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် မဟာလေးထပ်ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကော်မရှင် တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် သံဃာတော်များနှင့် ပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ကသာမြို့ပေါ်၌ တိုက်ပွဲများ ပြင်းထန်နေစဉ် မတ်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စင်း သည် အမှတ် (၃) ရပ်ကွက်ရှိ မဟာလေးထပ်ကျောင်းဆောင်ကို ဦးတည်ကာ ၅ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်တပ်က ထိုသို့ ဗုံးကြဲတိုက်ခိုက်စဉ် ဆွမ်းကပ်၊ ဆွမ်းစားချိန်နှင့် တိုက်ဆိုင်နေသဖြင့် ရဟန်းသံဃာများအပါအဝင် သေဆုံးသူ များပြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ “ဗုံးကြဲခံရတဲ့ လေးထပ်ဆောင်က ၃၀၉ တပ်ရင်းနဲ့ ထောင်ကြားထဲမှာ လမ်းပဲ ခြားတာ။ အဲဒီမှာ စစ်ရှောင် ၁၀၀ ကျော်လောက် ရှိတယ်။ ထောင်နားဆိုတော့ လုံခြုံမယ်ထင်ပြီး လာရှောင်ကြတာ။ PDF တွေ တက်လာပြီဆိုပြီး စစ်တပ်က ဗုံးလာကြဲတာပဲ။ အနည်းဆုံး ၅၀ ကျော် ၈၀ လောက်သေတာ။ ၂၀ ကျော်လောက် ဒဏ်ရာရပြီး စစ်တပ်က ဆေးရုံးခေါ်သွားတယ်ကြားတယ်။ ကျောင်းဆောင်ပြိုကျလို့ ပိပြီး သေနေတာတွေလည်း ရှိနေတုန်းပဲ” ဟု ဒေသခံတစ်ဦးက PSM News ကို ပြောသည်။ လက်ရှိတွင် စစ်ကော်မရှင်တပ်က ၎င်းတို့ဗုံးကြဲ၍ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသူ များပြားလွန်းသဖြင့် အဆိုပါ လေးထပ်ကျောင်းဆောင်၌ပင် စုပေါင်းမီးသင်္ဂြိုဟ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ သေဆုံးသူစာရင်း တိတိကျကျ သိရှိနိုင်ရန်မှာမူ စစ်ကော်မရှင်တပ်က မြို့ထဲသို့ ပြန်လည်ဝင်ရောက် နေရာယူထားသဖြင့် အတည်ပြုရန် ခက်ခဲနေဆဲ ဖြစ်သည်။ ဓာတ်ပုံ-CJ #ကသာမြို့ #မဟာလေးထပ်ဘုန်းကြီးကျောင်း #လေကြောင်းမှဗုံးကြဲတိုက်ခိုက် #သံဃာတော်နှင့်စစ်ဘေးရှောင် #မီးသင်္ဂြိုဟ် #PSM_News Post navigation စစ်ကော်မရှင်က လေယာဉ် ၈ စင်းအသုံးပြု၍ ကနီ ဆူးလေကုန်းရွာကို ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်း ပျက်စီးပြီး သံဃာတော်နှင့်ပြည်သူများ ထိခိုက် သေဆုံးမှုရှိ ရွှေဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား ကျွန်ပြုခိုင်းစေပြီး လူ့အခွင့်အရေး ချိုးဖောက်နေ