PSM(NEWS) ဖေဖော်ဝါရီလ ၂၃၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က၎င်းသိမ်းပိုက်လိုကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုထားသည့် ဂရင်းလန်း နယ်မြေသို့ ဆေးရုံသင်္ဘောတစ်စင်းစေလွှတ်လိုသည့် အစီအစဉ်အပေါ် ဂရင်းလန်းဝန်ကြီးချုပ် ယန်း-ဖရက်ဒရစ်နေးလ်ဆင်က“အကူအညီအတွက်ကျေးဇူးတင်သော်လည်းမလိုအပ်ပါကြောင်း”တနင်္ဂနွေနေ့တွင် တုံ့ပြန်လိုက်သည်။ ဂရင်းလန်းဆိုင်ရာအထူးသံတမန်လည်းဖြစ်၊ လူဝီစီးယားနား ပြည်နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူဂျက်ဖ်လန်းဒရီနှင့်ပူးပေါင်းကာဂရင်းလန်းသို့ဆေးရုံသင်္ဘောစေလွှတ်ရန် စီစဉ်နေကြောင်း ဒေါ်နယ် ထရမ့်က စနေနေ့တွင် လူမှုကွန်ရက်၌ရေးသားခဲ့ခြင်းဖြစ်သည်။ “ဂရင်းလန်းကို အမေရိကန် ဆေးရုံသင်္ဘောတစ်စင်း စေလွှတ်ချင်တဲ့ သမ္မတ ထရမ့်ရဲ့ အကြံစည်ကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ နိုင်ငံသားတွေအတွက် အခမဲ့ကုသပေးနေတဲ့ အစိုးရကျန်းမာရေးစောင့်ရှောက်မှု စနစ်ရှိပြီးသားပါ။ ဒါဟာ ကျွန်တော်တို့ ကိုယ်တိုင်ရွေးချယ်ထားတဲ့ စနစ်ဖြစ်ပါတယ်” ဟု နေးလ်ဆင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။ ဂရင်းလန်းအနေဖြင့် အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့် ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများအတွက်အမြဲတမ်းတံခါးဖွင့်ထားကြောင်း နေးလ်ဆင်က ဆိုသည်။ “ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာ ထင်ရာမြင်ရာတွေ လျှောက်ပြောနေမယ့်အစား ကျွန်တော်တို့နဲ့ တိုက်ရိုက်လာရောက် ဆွေးနွေးပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ ဒေါ်နယ် ထရမ့် ၏ ခြိမ်းခြောက်မှုများကြောင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အတွင်း လပေါင်းများစွာ တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့်လကုန်ပိုင်းက ဂရင်းလန်း၊ ဒိန်းမတ်နှင့် အမေရိကန်တို့သည် အဆိုပါအကျပ်အတည်းကို ဖြေရှင်းရန် သံတမန်ရေးအရ ဆွေးနွေးမှုများ စတင်ခဲ့ကြသည်။ ဒေါ်နယ် ထရမ့် ၏ ဆေးရုံသင်္ဘောစေလွှတ်မည့် အစီအစဉ်သည် ဂရင်းလန်းမြို့တော် နုခ် အပြင်ဘက် ၇ ရေမိုင်အကွာရှိ ဂရင်းလန်းရေပိုင်နက်အတွင်း ရောက်ရှိနေသော အမေရိကန် ရေငုပ်သင်္ဘောတစ်စင်းပေါ်မှ အရေးပေါ်ဆေးကုသမှုလိုအပ်သည့် သင်္ဘောသားတစ်ဦးကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းပိုစ့်သည် အဆိုပါ ကယ်ဆယ်ရေးဖြစ်စဉ်နှင့် ဆက်စပ်မှု ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ကိုးကား Reuters #ဂရင်းလန်း #ကမ်းလှမ်းချက် #ပယ်ချ #ဆေးရုံသင်္ဘော #PSM_News Post navigation အမေရိကန်နှင့် နျူကလီးယားဆွေးနွေးပွဲများအတွင်း ဖိအားပေးမှုများကို အလျှော့ပေးမည်မဟုတ်ကြောင်း မာဆူးဒ် ပီဇက်ရှ်ကီယန် ပြောကြား အမေရိကန်၏ အခွန်စည်းကြပ်မှုအပြောင်းအလဲများကြောင့် ကုန်သွယ်ရေးသဘောတူညီချက်အပေါ် မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းရန် ဥရောပသမဂ္ဂ လွှတ်တော်အမတ် တိုက်တွန်း