PSM(NEWS)

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

အမေရိကန်နှင့် ဥရောပသမဂ္ဂအကြား ချုပ်ဆိုမည့်ကုန်သွယ်ရေးသဘောတူညီချက်သည် အခြေခံအချက်အလက်နှင့် ဥပဒေကြောင်းအရ ပြောင်းလဲမှုများရှိနေသဖြင့် ယခုသီတင်းပတ်အတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းရန် ဥရောပသမဂ္ဂ၏ ဝါရင့်လွှတ်တော်အမတ်ဘန်းဒ် လန်းဂါးက တနင်္ဂနွေနေ့တွင် အဆိုပြုလိုက်သည်။

ပြီးခဲ့သည့် သောကြာနေ့တွင် အမေရိကန်တရားရုံးချုပ်က သမ္မတ ဒေါ်နယ် ထရမ့် ၏ ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှုများကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် ဒေါ်နယ် ထရမ့် က ယာယီအခွန် ၁၀ ရာခိုင်နှုန်းကို ပြန်လည်သတ်မှတ်ခဲ့ပြီး စနေနေ့တွင် ၁၅ ရာခိုင်နှုန်းအထိ ထပ်မံတိုးမြှင့်ခဲ့သည်။

“အမေရိကန်အစိုးရရဲ့ အခွန်မူဝါဒတွေဟာ လုံးဝကို ရှုပ်ထွေးပွေလီနေပါတယ်။ ဘယ်သူမှ နားမလည်နိုင်တော့သလို ဥရောပသမဂ္ဂနဲ့ တခြားကုန်သွယ်ဖက်နိုင်ငံတွေအတွက်လည်း မရေရာမှုတွေနဲ့ မေးခွန်းထုတ်စရာတွေပဲ ရှိနေပါတယ်” ဟု ဘန်းဒ် လန်းဂါးက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လက စကော့တလန်ရှိ ဒေါ်နယ် ထရမ့် ပိုင် တန်ဘာရီ ဂေါက်သီးရိုက်ကွင်းတွင် နှစ်ဖက်သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းသဘောတူညီချက်အရ ကုန်သွယ်ရေးစစ်ပွဲကို ရှောင်လွှဲရန်အတွက် အမေရိကန်က ဥရောပသမဂ္ဂ၏ ပို့ကုန်အများစုအပေါ် ၁၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည့်အစား ဥရောပသမဂ္ဂဘက်ကလည်း အမေရိကန်ထုတ်ကုန်များအပေါ် တင်သွင်းခွန်များ လျှော့ချပေးရမည် ဖြစ်သည်။

သို့သော် ဥရောပသမဂ္ဂ၏ အခွန်လျှော့ချမှုများအတွက် အဖွဲ့ဝင်နိုင်ငံအစိုးရများနှင့် ဥရောပပါလီမန်၏ အတည်ပြုချက် လိုအပ်ပါသည်။

တန်ဘာရီ သဘောတူညီချက်ပါ အချက်အလက်များနှင့် ဥပဒေကြောင်းအရ အခြေခံမှုများ ပြောင်းလဲသွားပြီဖြစ်၍ ရှင်းလင်းပြတ်သားမှု ရှိရန်လိုအပ်ကြောင်း ဘန်းဒ် လန်းဂါး က ဆိုသည်။ လက်ရှိတွင် Green Party ကလည်း မဲခွဲမှုကို ရပ်နားထားရန် ပြောဆိုထားသည်။

ဥရောပပါလီမန်သည် ပြီးခဲ့သည့်လက ဒေါ်နယ် ထရမ့် ၏ တောင်းဆိုချက်များကို ကန့်ကွက်သည့်အနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းစဉ်များကို ရပ်ဆိုင်းခဲ့သော်လည်း နောက်ပိုင်းတွင် ဖေဖော်ဝါရီလကုန်၌ မဲခွဲဆုံးဖြတ်ရန် ပြန်လည်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ကိုးကား Reuters

#PSM_News

#ဒေါ်နယ်ထရမ့်

#ဥရောပသမဂ္ဂ

#တောင်းဆိုချက်

#ကန့်ကွက်

#အခွန်စည်းကြပ်မှု

#ကုန်သွယ်ရေးသဘောတူညီချက်

#မဲခွဲဆုံးဖြတ်

By Htet Ko