မောင်မောင်ကဲ/PSM(News) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ပဲခူး စသည့် အချက်အချာကျသော တိုင်းစစ်ဌာနချုပ်ကြီးများကို တိုက်ရိုက်ကွပ်ကဲရသည့် အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၅) နေရာသို့ မကြာသေးမီက ပြောင်းလဲတာဝန်ပေးခံရသူ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကို စစ်တပ်၏ အနာဂတ်ထိပ်တန်း ခေါင်းဆောင် ဖြစ်လာနိုင်သူအဖြစ် စစ်ဘက်ရေးရာလေ့လာသူများက သုံးသပ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၃၈) ဆင်းသည် အရာရှိငယ်ဘဝကတည်းက ဒုစစ်ခေါင်းဆောင်ဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကိုယ်ရေးအရာရှိ (PSO) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အနီးကပ်ယုံကြည်မှုကိုပါ အထူးရရှိထားသူဖြစ်ကြောင်း သိရသည်။ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ၂၀၁၅ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် အခြေချစစ်ဗျူဟာ (တာချီလိတ်) ဗျူဟာမှူး ဖြစ်လာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဖယ်ခုံအခြေစိုက် အမှတ်(၇)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၇) စကခမှူးအဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ် အာဏာသိမ်းပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူးအနေဖြင့် မန္တလေးမြို့ရှိ ဆန္ဒပြပြည်သူများကို အကြမ်းဖက်နှိမ်နင်း ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့၍ အဓိကတာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင်မူ စစ်ကော်မရှင်အတွက် အရေးအကြီးဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်များကို စုပေါင်းကွပ်ကဲရသော အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၅) ရာထူးကို ရရှိခဲ့သည်။ အဆိုပါရာထူးသည် စစ်ကော်မရှင်၏ အသက်သွေးကြောဒေသများကို ထိန်းချုပ်ရခြင်းဖြစ်သဖြင့် ၎င်းကို မျိုးဆက်သစ်ခေါင်းဆောင်မှုနေရာအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အသေအချာ မြေတောင်မြှောက်ပေးထားခြင်းဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာ နှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က သုံးသပ်ထားသည်။ ပုံစာ-ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်တို့ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၂၀၂၅ စက်တင်ဘာ က တွေ့ရစဉ်။ #စစ်ခေါင်းဆောင်မင်းအောင်လှိုင် #လူယုံ #ဒုဗိုလ်ချုပ်ကြီးကိုကိုဦး #အနာဂတ်ခေါင်းဆောင် #PSM_News Post navigation စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်း အရပ်သားနေအိမ် ၁ သိန်း ၂ သောင်းနီးပါး မီးရှို့ဖျက်ဆီးခံရ၊ စစ်ကိုင်းတိုင်း ထိခိုက်မှုအများဆုံးဖြစ်နေ မြန်မာ့ဂုဏ်ဆောင် UFC ချန်ပီယံ ဂျိုရှူဝါဗန်၏ ပထမဆုံး ခါးပတ်ကာကွယ်ပွဲ အမေရိကန်တွင် ကျင်းပမည်