PSM(News)

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

UFC လောကတွင် သမိုင်းသစ်ရေးထိုးထားသည့် မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား ဂျိုရှူဝါဗန်၏ ပထမဆုံးသော UFC Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ မိုင်ယာမီမြို့တွင် ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျိုရှူဝါဗန်သည် လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် အာရှသားအချင်းချင်းဖြစ်သည့် ဂျပန်နိုင်ငံသား တက်ဆူရိုတိုင်ရာ (Tatsuro Taira) နှင့် ယှဉ်ပြိုင်ထိုးသတ်ကာ ၎င်း၏ ချန်ပီယံခါးပတ်ကို ကာကွယ်ရမည် ဖြစ်သည်။

ဗန်နှင့် ယှဉ်ပြိုင်ရမည့် တက်ဆူရိုတိုင်ရာသည် ၂၀၂၅ ခုနှစ်အတွင်း ရှုံးပွဲမရှိ ရလဒ်ကောင်းများ ပိုင်ဆိုင် ထားသည့် တက်သစ်စ ဖိုက်တာတစ်ဦး ဖြစ်သည်။

ဂျိုရှူဝါဗန်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက UFC Flyweight ချန်ပီယံ ပန်တိုဂျာ ကို အနိုင်ယူကာ ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်း၏ အောင်မြင်မှုသည် မြန်မာနိုင်ငံအတွက် UFC သမိုင်းတွင် ပထမဆုံးသော ကမ္ဘာ့အဆင့် ချန်ပီယံဆုအဖြစ် ထူးခြားသည့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုပွဲစဉ်သည် UFC သမိုင်းတစ်လျှောက် အာရှနွယ်ဖွား ဖိုက်တာနှစ်ဦး၏ ပထမဆုံးသော ခါးပတ်လုပွဲ ဖြစ် လာမည်ဖြစ်၍ ကမ္ဘာတစ်ဝန်းရှိ လက်ဝှေ့ပရိသတ်များသာမက မြန်မာ့ပရိသတ်များကလည်း ချန်ပီယံခါးပတ်ကို ဂျိုရှူဝါဗန် ဆက်လက်ထိန်းသိမ်းနိုင်မည်လားဆိုသည်ကို အထူးစိတ်ဝင်စားစွာ စောင့်မျှော်လျက်ရှိကြသည်။

#ဗန်

#UFC

#ခါးပတ်လုပွဲ

#PSM_News

By Htet Ko