PSM(News) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အရပ်သားနေအိမ်ပေါင်း ၁၁၉,၄၁၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar (D4M) အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။ ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ D4M က ကောက်ယူထားသည့် အချက်အလက်များအရ စစ်ကော်မရှင်တပ်နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် နေအိမ်ပေါင်းမှာ ၁၁၅,၅၆၈ လုံးအထိ ရှိသည်။ တစ်နိုင်ငံလုံးတွင် မီးရှို့ဖျက်ဆီးခံရမှုများအနက် စစ်ကိုင်းတိုင်းသည် နေအိမ်ပေါင်း ၇၇,၇၃၁ လုံး မီးရှို့ဖျက်ဆီးခံရသဖြင့် တစ်နိုင်ငံလုံး ပျက်စီးမှုစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကျော်ရှိနေပြီး ထိခိုက်မှု အများဆုံးဒေသ ဖြစ်နေသည် ။ စစ်ကိုင်းတိုင်းအပြင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှု ကြောင့် အခြားထိခိုက်ခံရမှုအများဆုံး တိုင်းနှင့်ပြည်နယ်များမှာ မကွေးတိုင်းတွင် ၁၆,၈၉၈ လုံး၊ မန္တလေးတိုင်း: ၉,၃၇၈ လုံး၊ ရခိုင်ပြည်နယ်တွင် ၆,၁၂၆ လုံး ၊ ကချင်ပြည်နယ်တွင် ၁,၉၈၅ လုံးနှင့် ချင်းပြည်နယ်တွင် ၁,၉၆၃ လုံး၊ ပဲခူးတိုင်းတွင် ၁,၈၆၀ လုံးနှင့် တနင်္သာရီတိုင်းတွင် ၁,၃၆၈ လုံး ဖြစ်ကြောင်း သိရသည်။ ထို့အတူ ကရင်နီ၊ ရှမ်း၊ မွန်၊ ကရင်ပြည်နယ်များနှင့် ဧရာ၀တီ နှင့် ရန်ကုန်တိုင်း တို့တွင်လည်း စစ်ကော်မရှင်၏ မီးရှိုဖျက်ဆီးမှုများရှိခဲ့သည်။ စစ်ကော်မရှင်တပ်များသည် စစ်ကြောင်းထိုးဝင်ရောက်လာချိန်နှင့် တိုက်ပွဲများဖြစ်ပွားချိန်တွင် အရပ် သားနေအိမ်များကို မီးရှို့ခြင်း၊ ပစ္စည်းများသယ်ယူခြင်းနှင့် ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အရပ်သားနေအိမ်များကို ပစ်မှတ်ထားခြင်းအား အမြန်ဆုံး ရပ်တန့်ရန်နှင့် စစ်ရေးကျင့်ဝတ်များကို လိုက်နာရန် Data for Myanmar က တိုက်တွန်းထားပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်းအား ရပ်တန့်စေဖို့ ဖိအားပေးရန်နှင့် ထိခိုက်ပျက်စီးမှုများကို စနစ်တကျမှတ်တမ်းတင်ရန် လိုအပ်ကြောင်း အကြံပြု ထားသည်။ ပုံစာ-ပုလဲမြို့ပေါ်၏နေအိမ်များကို စစ်ကော်မရှင်တပ် မီးရှို့ပြီးနောက် မြင်တွေ့ရစဉ်။ (၂၀၂၂) #နေအိမ်မီးရှို့ခံရမှု #DataForMyanmar #စစ်ကိုင်းတိုင်း #အရပ်သားထိခိုက်မှု #PSM_News Post navigation လယ်ဒိုမြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းခံရသူ ၁၀ ဦး KNU ထံ လက်နက်ချအလင်းဝင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံ ဒုဗိုလ်ချုပ်ကြီးကိုကိုဦး စစ်တပ်၏ အနာဂတ်ခေါင်းဆောင် ဖြစ်လာနိုင်