လယ်ဒိုမြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းခံရသူ ၁၀ ဦး KNU ထံ လက်နက်ချအလင်းဝင် PSM (News) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကော်မရှင် ၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း ခံရသည့် တပ်သား ၁၀ ဦးသည် လက်နက်ချ အလင်းဝင်ရောက်လာကြောင်း KNU ဗဟိုက ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်သည်။ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ လယ်ဒိုမြို့နယ်အတွင်းရှိ ခမရ-၄၃၉ တပ်ရင်းတွင် တာဝန်ကျ နေသော ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ် (၁၃) နှင့် (၁၅) ဆင်း တပ်သား လေး ဦးသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃) ထံသို့ ဦးစွာ လက်နက်ချခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်လည်း ခမရ-၅၉၈ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁၆) ဆင်း တပ်သား ခြောက် ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) ထံသို့ ထပ်မံအလင်းဝင်ရောက်လာခဲ့သည်။ အဆိုပါ အလင်းဝင်လာသူ ၁၀ ဦးစလုံးသည် ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်ကော်မရှင်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းကို ခံရသူများဖြစ်ကြပြီး၊ လက်ရှိတွင် ၎င်းတို့အား KNU က ကောင်းမွန်စွာ စောင့်ရှောက် ထားရှိကြောင်း သိရသည်။ စစ်ကော်မရှင်တပ်တွင် စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း ခံနေရသူများသည် တိုက်ခိုက်လိုစိတ်မရှိဘဲ ထွက်ပြေးတိမ်းရှောင်မှု များပြားနေပြီး စစ်ကော်မရှင်တပ်တွင်း၌ စစ်မှု ထမ်းခိုင်းခြင်း ခံနေရသူများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အမြန်ဆုံး အလင်းဝင်ရောက်ကြပါရန် KNU က တိုက်တွန်းနှိုးဆော်ထားသည်။ ဓာတ်ပုံ-KNU #လယ်ဒိုမြို့နယ် #စစ်မှုထမ်းဥပဒေ #အတင်းအဓမ္မစုဆောင်း #လက်နက်ချအလင်းဝင် #KNU #PSM_News Post navigation ပုလောမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းကို ယာယီသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်း အရပ်သားနေအိမ် ၁ သိန်း ၂ သောင်းနီးပါး မီးရှို့ဖျက်ဆီးခံရ၊ စစ်ကိုင်းတိုင်း ထိခိုက်မှုအများဆုံးဖြစ်နေ