PSM(NEWS) ဖေဖော်ဝါရီလ ၂၃ ၊ ၂၀၂၆ အမေရိကန်တရားရုံးချုပ်၏ သွင်းကုန်ခွန်ဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံက”အဘက်ဘက်မှ သုံးသပ်ချက်များ”ပြုလုပ်နေကြောင်း သိရသည်။ အမေရိကန်အနေဖြင့် ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် “တစ်ဦးသဘောဆန္ဒအလျောက် အခွန်စည်းကြပ်မှုများ” ကို ရုပ်သိမ်းရန် တိုက်တွန်းလိုက်ကာ နိုင်ငံနှစ်ခုကြား ပဋိပက္ခဖြစ်ပွားခြင်းသည် “နစ်နာမှု” ရှိစေကြောင်းသတိပေး ပြောကြားလိုက်သည်။ သမ္မတဒေါ်နယ်ထရမ့်က တရုတ်အပါအဝင် နိုင်ငံတကာအပေါ် စည်းကြပ်ထားသည့် သွင်းကုန်ခွန်များကို အမေရိကန်တရားရုံးချုပ်က ပယ်ဖျက်ပေးလိုက်သည်။ ယင်းသို့ ထရမ့်အကြီးအကျယ် ရှုံးနိမ့်သွားပြီး နောက်တွင်မှ တရုတ်စီးပွားရေးဝန်ကြီးဌာနက ယခုကဲ့သို့ မှတ်ချက်ပေး တုံ့ပြန်လာခြင်း ဖြစ်သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ထွက်ပေါ်ပြီး နာရီပိုင်းအတွင်းမှာပင် ဒေါ်နယ်ထရမ့် က အင်္ဂါနေ့မှစတင်ကာ နိုင်ငံအားလုံးမှ တင်သွင်းလာသောအမေရိကန်သွင်းကုန်များအပေါ် အခွန်၁၀ရာခိုင်နှုန်း အသစ်သတ်မှတ်မည်ဟု ပြောကြားခဲ့ပြီး၊ နောက်ပိုင်းတွင် ၁၅ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သဖြင့် ၎င်း၏ အစိုးရအဖွဲ့ဝင်အချို့ပင် အံ့အားသင့်ခဲ့ရသည်။ “အမေရိကန်ရဲ့ တစ်ဦးသဘောဆန္ဒအလျောက် အခွန်စည်းကြပ်မှုတွေဟာ နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းတွေနဲ့ အမေရိကန် ပြည်တွင်းဥပဒေတွေကို ချိုးဖောက်နေသလို ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး”ဟုတရုတ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဆက်လက်ပြီး “တရုတ်နဲ့အမေရိကန်ကြားပူးပေါင်းဆောင်ရွက်မှုက နှစ်ဖက်လုံးအတွက် အကျိုးရှိပေမယ့်၊ တိုက်ခိုက်နေတာကတော့ အန္တရာယ်ရှိပါတယ်” ဟု ဆိုသည်။ လာမည့်မတ်လကုန် သို့မဟုတ် ဧပြီလဆန်းတွင် ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံသို့ သွားရောက်ကာ သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံရန်ရှိရာ၊ ကုန်သွယ်ရေးနှင့် အခွန်ကိစ္စရပ်များသည် ထိုခရီးစဉ်၏ အဓိက အစီအစဉ်များ ဖြစ်လာဖွယ်ရှိသည်။ ဒေါ်နယ်ထရမ့် ၏ အခွန်အသစ်များသည် Section 122ဟုခေါ်သောစမ်းသပ်ခြင်းမရှိသေးသည့် ဥပဒေတစ်ခုအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ယင်းဥပဒေအရ အခွန် ၁၅ ရာခိုင်နှုန်းအထိ စည်းကြပ်ခွင့်ရှိသော်လည်း ရက်ပေါင်း ၁၅၀ ကျော်လွန်ပါက လွှတ်တော်၏ အတည်ပြုချက် လိုအပ်သည်။ ယခင်က မည်သည့်သမ္မတမျှ Section 122 ကို အသုံးမပြုခဲ့ဖူးသဖြင့် နောက်ထပ် ဥပဒေကြောင်းအရ စိန်ခေါ်မှုများ ကြုံတွေ့ရနိုင်သည်။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ကမ္ဘာ့အကြီးဆုံးချစ်ပ်ပြား ထုတ်လုပ်သည့် ထိုင်ဝမ်အပါအဝင် အာရှပို့ကုန်လုပ်ငန်းရှင်ကြီးများ အပေါ် ထရမ့်အစိုးရက စည်းကြပ်ထားသည့် အခွန်အများအပြားကို အကျုံးမဝင်တော့ကြောင်း သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ အနေဖြင့် နိုင်ငံနှစ်ခုကြား “အကျိုးစီးပွား မျှတမှု” ရှိစေရန်အမေရိကန်နှင့် ဆက်လက် ညှိနှိုင်းသွားမည်ဟု ပြောကြားခဲ့သော်လည်း မော်တော်ယာဉ်၊ ဘက်ထရီနှင့် ချစ်ပ်ပြား လုပ်ငန်းကဏ္ဍများတွင် စိုးရိမ်မှုများ ရှိနေသည်။ အိန္ဒိယနိုင်ငံသည်လည်း အမေရိကန်၏ အခွန်ဆိုင်ရာ မရေရာမှုများကြောင့် ယခုအပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။ ဥရောပတွင်လည်း ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ ခရစ္စတင်းလာဂတ်ဒ်က စီးပွားရေးလုပ်ငန်းရှင်များသည် ဥပဒေကြောင်းအရ တိုက်ခိုက်မှုများထက် ကြိုတင်ခန့်မှန်းနိုင်မှုကိုသာ လိုလားကြောင်းသတိပေးခဲ့သည်။ ကိုးကား Reuters #အခွန်စည်းကြပ်မှု #အမေရိကန်တရားရုံးချုပ် #ဆုံးဖြတ်ချက် #သွင်းကုန်ခွန်ဆိုင်ရာ #တရုတ် #အကျုံးမဝင် #PSM_News Post navigation အမေရိကန်၏ အခွန်စည်းကြပ်မှုအပြောင်းအလဲများကြောင့် ကုန်သွယ်ရေးသဘောတူညီချက်အပေါ် မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းရန် ဥရောပသမဂ္ဂ လွှတ်တော်အမတ် တိုက်တွန်း မလေးရှား ဆိုရှယ်မီဒီယာ နာမည်ကြီးသူ ခိုင်ရူလ် အာမင်းသည် ၁၂ နာရီအတွင်း ဒေါ်လာ ၇ သိန်းခွဲဖိုး ရောင်းချပြီး စံချိန်သစ်တင်