PSM(News)

ဇူလိုင် ၂၂၊၂၀၂၆

ချီလီနိုင်ငံမြောက်ပိုင်းတွင် မကြုံစဖူး ပြင်းထန်သော ရာသီဥတုအရေးပေါ်အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ကိုကွမ်ဘို နှင့် အတာကမာဒေသများတွင် ပြင်းထန်သော မုန်တိုင်းတိုက်ခတ်မှုကြောင့် သမ္မတ ဂျိုအာအန်တိုနီယို ကတ်စ် က ကပ်ဘေးအခြေအနေ ကြေညာခဲ့ကြောင်း Noticias Ambientales က ဖော်ပြသည်။

ဇူလိုင်လ ၁၅ ရက်နေ့က စတင်တိုက်ခတ်ခဲ့သော ဤမုန်တိုင်းကြောင့် အနည်းဆုံး လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ လူပေါင်း ၂,၂၀၀ ကျော် ထိခိုက်ခံစားခဲ့ရသည်။ အဆိုပါ သဲကန္တာရဒေသများတွင် ပြင်းထန်သော မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လူပေါင်း ၁၀၀,၀၀၀ ကျော်မှာ ပြင်ပနှင့် အဆက်အသွယ်ပြတ်တောက်လျက် ရှိနေသည်။

ကိုကွမ်ဘိုဒေသတွင် လူပေါင်း ၁၅၀,၀၀၀ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး တစ်ရက်တည်းဖြင့် တစ်လစာ မိုးရေချိန်နှင့်ညီမျှသော မိုးများရွာချမှုကြောင့် မြစ်များရေလျှံကာ လမ်းမကြီးများ ပိတ်ဆို့ကုန်ကြောင်း သိရသည်။ ထို့ပြင် တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော် တိုက်ခတ်နေသော လေပြင်းများနှင့် ပင်လယ်လှိုင်းကြီးများကြောင့် ဆိပ်ကမ်းများကိုပါ ကြိုတင်ကာကွယ်ရေးအဖြစ် ပိတ်ထားခဲ့ရသည်။

ချီလီအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အထူးအာဏာကိုအသုံးပြု၍ လက်နက်ကိုင်တပ်ဖွဲ့များကို ချထားကာ ကယ်ဆယ်ရေးအရင်းအမြစ်များကို အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။ ဒုတိယပြည်ထဲရေးဝန်ကြီး မာဆီမို ပာဗက်ဇ် က ဤကဲ့သို့သော ရာသီဥတုဆိုးရွားမှုမျိုးသည် လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း မကြုံဖူးခဲ့ရလောက်အောင် ရှားပါးပြီး အလွန်အမင်း ပြင်းထန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဒေသတွင်း အာဏာပိုင်များနှင့် ဝန်ဆောင်မှုကုမ္ပဏီများကလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် အပြင်းအထန် ကြိုးပမ်းလျက် ရှိကြသည်။

ကိုးကား-Noticias Ambientales

By Htet Ko