PSM(News) ဇူလိုင် ၂၁၊ ၂၀၂၆ အရှေ့တောင်အာရှ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည့် အွန်လိုင်း လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ပြီး အဆိုပါ ရာဇဝတ်ကွန်ရက်များ ဖြိုခွင်းနိုင်ရေးနှင့် ပညာ ပေးရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် IOM Myanmar တို့၏ ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။ ယနေ့ခေတ် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းကြီးများ၏ နောက်ကွယ်တွင် ပြင်းထန်ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားအရင်းမြစ် ထိခိုက်ဆုံးရှုံးမှုများ ရှိနေသည်။ နိုင်ငံဖြတ်ကျော် ဒုစရိုက်ကွန်ရက်များသည် အလုပ်အကိုင် ရှာဖွေနေသည့် ထိခိုက်လွယ်သူများကို အလုပ်ကြော်ငြာအတုများဖြင့် လှည့်ဖြားကာ လူကုန်ကူး၍ အခြားသူများကို ပြန်လည်လိမ်လည်ရန် အတင်းအကျပ် ခိုင်းစေလျက်ရှိပြီး အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအတွင်း သားကောင်ဖြစ်ခဲ့ရသူ များသည် နစ်နာမှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရကြောင်း IOM Myanmar က သတိပေးထားသည်။ လူကုန်ကူးခံရသူများသည် ပထမအကြိမ်တွင် လူကုန်ကူးသူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် အဓမ္မခိုင်းစေမှုများကို ခံကြရသည်။ ထို့နောက် အဆိုပါ ကျားဖြန့်ရုံများအတွင်းမှ လွတ်မြောက်နိုင်ရန်အတွက် အခြားသူများကို အလားတူ ကျားဖြန့်လုပ်ငန်းများအတွင်းသို့ အတင်း အကျပ် ထပ်ဆင့် စည်းရုံးခေါ်ယူ စောင်းပေးရသဖြင့် ဒုတိယအကြိမ် ထပ်မံ ခေါင်းပုံဖြတ်ခံကြရသည်။ အဆိုပါ နေရာများမှ လွတ်မြောက်ခဲ့လျှင်ပင် မဖြစ်စလောက် ရွေးချယ်ခွင့်ဖြင့် မကျူးလွန်ချင်ဘဲ ကျူးလွန်ခဲ့ရသည့် ရာဇဝတ်မှုများအတွက် တရားဥပဒေအရ ဖမ်းဆီးအပြစ်ပေးခံရနိုင်သဖြင့် တတိယ အကြိမ် ထပ်မံ နစ်နာကြရကြောင်း ဖော်ပြထားသည်။ အဆိုပါ ဒုစရိုက်ကွန်ရက်များကို ဖြိုခွင်းရာတွင် အထောက်အကူပြုနိုင်ရေးနှင့် ဥပဒေနှင့် ငြိစွန်းသည့် အဓမ္မခိုင်းစေခံရမှုများမှ ပြည်သူများ သတိပြုနိုင်ရန် အမေရိကန်သံရုံးနှင့် IOM Myanmar တို့ ပူးပေါင်း၍ အများပြည်သူ အသိပညာပေး အစီအစဉ်အသစ်တစ်ခုကို စတင်ဆောင်ရွက်လျက် ရှိသည်။ထို့ကြောင့် လူမှုကွန်ရက်နှင့် အွန်လိုင်းပေါ်တွင် စည်းရုံးလှည့်ဖြားလေ့ရှိသော မသင်္ကာဖွယ်ရာ သံသယဖြစ်ဖွယ် အလုပ်ကြော်ငြာများကို အထူးသတိထားကြရန်နှင့် တွေ့ရှိပါက သတင်းပေးပို့ရန် တိုက်တွန်းထားသည်။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) သည် ကုလသမဂ္ဂ၏ ရွှေ့ပြောင်းအလုပ် သမားများဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်ကတည်းက အခြေစိုက်ကာ လက်ရှိတွင် ရန်ကုန်ရုံးချုပ်အပြင် မော်လမြိုင်၊ မြဝတီနှင့် ကရင်ပြည်နယ်တို့၌ ကွင်းဆင်းရုံးခွဲများ ဖွင့်လှစ်ထားရှိသည်။ ဓာတ်ပုံ-လူမှုကွန်ရက် Post navigation တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ကူပန်း ကုန်လှောင်ရုံ မီးလောင်မှု ဖြစ်ပွား ချီလီနိုင်ငံတွင် ပြင်းထန်သောမုန်တိုင်းကြောင့် ကပ်ဘေးအခြေအနေကြေညာ၊