PSM(News)

ဇူလိုင် ၂၂၊ ၂၀၂၆

နိုင်ငံတစ်ဝန်း နယ်မြေစိုးမိုးနိုင်မှု လုံးဝ မရှိတော့သည့် အာဏာလုစစ်အုပ်စုသည် တိုင်းနှင့် ပြည်နယ် အချို့မှ မြို့နယ်များအတွက် အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကို ရက်ပေါင်း ၉၀ အထိ ဆက်လက် သက်တမ်းတိုးမြှင့်လိုက်ကြောင်း ယမန်နေ့ ဇူလိုင် ၂၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

အာဏာလုသမ္မတ မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်သည့် အရေးပေါ်အခြေအနေ ကြေညာချက်တွင် ချင်းပြည်နယ်ရှိ တွန်းဇံနှင့် ဖလမ်းမြို့နယ်တို့ကို ချန်လှပ်ကာ ကျန်မြို့နယ်များအတွက် အရေးပေါ်အခြေ အနေ စစ်အုပ်ချုပ်ရေးကို ယမန်နေ့ ဇူလိုင် ၂၁ ရက်မှစ၍ နောက်ထပ် ရက်ပေါင်း ၉၀ အထိ ဆက်လက် တိုးမြှင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထပ်မံထုတ်ပြန်သည့် စစ်အုပ်ချုပ်ရေးအမိန့်အရ အဆိုပါ အရေးပေါ်အခြေအနေ ကြေညာထား သည့် ၅၈ မြို့နယ်တွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်၊ တာဝန်များကို စစ်တပ် ကာကွယ်ရေးဦးစီးချုပ်ထံ သို့မဟုတ် စစ်ဘက်အာဏာပိုင်များထံ အပြည့်အဝ အပ်နှင်းကြောင်းနှင့် ယင်းစစ်အုပ်ချုပ်ရေး အမိန့်သည်လည်း ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

စစ်အုပ်ချုပ်ရေး သက်တမ်းတိုးမြှင့်ခံရသည့် မြို့နယ်များမှာ ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ ကရင်နီပြည်နယ်မှ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်ပြည်နယ်မှ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ်မှ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ်၊ မတူပီ တို့ ဖြစ်ကြသည်။

ထို့ပြင် စစ်ကိုင်းတိုင်းမှ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်၊ မကွေးတိုင်းမှ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြိုနှင့် မန္တလေးတိုင်းမှ ငါန်းဇွန်မြို့နယ်တို့ ပါဝင်သည်။

စစ်အုပ်ချုပ်ရေး လုံးဝ ကင်းစင်နယ်မြေ ဖြစ်နေသည့် ရခိုင်ပြည်နယ်မှ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ပေါက်တောနှင့် ရှမ်းပြည် နယ်မှ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်း၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလောက် တို့ကိုလည်း စစ်အုပ်ချုပ်ရေးတွင် ထည့်သွင်းထားသည်။

အာဏာလုစစ်အုပ်စုသည် ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ဟုန်ထိုးစစ်များ ကြောင့် နယ်မြေအများအပြားကို လက်လွှတ်ထားရပြီး ပုံမှန်အုပ်ချုပ်ရေးယန္တရား ပျက်စီးလျက်ရှိသည်။

ယခု စစ်အုပ်ချုပ်ရေး သက်တမ်းတိုးလိုက်သည့် ၅၈ မြို့နယ်အနက် ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှာ အာရက္ခတပ်တော် (AA) က အပြီး သတ် စိုးမိုးထားသည့် နယ်မြေများ ဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို ဟန်ပြ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ပုံစာ-အာဏာလုစစ်အုပ်စု တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed