PSM(News)

ဇူလိုင် ၂၂၊ ၂၀၂၆

အာဏာလုသမ္မတ မင်းအောင်လှိုင်သည် လာမည့် ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂၂ ရက်တွင် အတည်ပြု သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာလုသမ္မတအဖြစ် အသွင်ပြောင်းထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ထိုင်းဝန်ကြီးချုပ် မစ္စတာ အနုထင် ချာန်ဗီရာကူးလ်နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မီဒီယာများကို ဖြေကြားခဲ့သည်။

အာဏာလုစစ်အုပ်စုသည် အိမ်နီးချင်း ထိုင်းနိုင်ငံထံမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိရေးနှင့် အာဆီယံ အသိုက်အဝန်းအတွင်းသို့ အပြည့်အဝ ပြန်လည်ဝင်ဆံ့ခွင့် ရရှိရေးအတွက် တွန်းအားပေးရန် ရည်ရွယ် ချက်ဖြင့် ယခုခရီးစဉ်ကို သွားရောက်ခြင်းဖြစ်သည်။

ထိုင်းဘက်ကမူ ယခုတွေ့ဆုံမှုသည် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စွန့်လွှတ်ခြင်း မဟုတ်ဘဲ မြေပြင် စစ်ပဒေသရာဇ် တိုက်ပွဲများ လျော့ကျရေးနှင့် ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် အာဆီယံ အထူးသံတမန် တွေ့ဆုံခွင့် ရရှိရေးတို့အတွက် လက်တွေ့ကျကျ စေ့စပ်ညှိနှိုင်းရန် ဖြစ်သည်ဟု တုံ့ပြန်ထားသည်။

ရွေတုသမ္မတ၏ ယခုခရီးစဉ် မတိုင်မီ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်မှ ၁၄ ရက်အထိ အာဏာလု စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် ဖူအန်ကတ်ကေအို၏ ဖိတ်ကြားချက်အရ ဘန်ကောက်သို့ သွားရောက်ကာ ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲများတွင် ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ကျားဖြန့်ဂိုဏ်းများနှင့် ဆိုက်ဘာရာဇဝတ်မှုများ အမြစ်ဖြတ်ရေး၊ မူးယစ်ဆေးဝါး ကုန်ကူးမှု တားဆီးရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးတို့ကို နှစ်ဖက် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ထိုင်းဘက်က မြန်မာနိုင်ငံအတွက် ချမှတ်ထားသည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။ အာဏာလုစစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထား သည်ဟု တုံ့ပြန်ခဲ့သဖြင့် ထိုင်းဘက်က အာဆီယံ အထူးသံတမန်နှင့် တိုက်ရိုက် တွေ့ဆုံခွင့်ပေးရန် ထပ်မံ တောင်းဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် မကြာမီက အာဏာလုသမ္မတအဖြစ် အသွင်ပြောင်းခဲ့သည့် မင်းအောင်လှိုင် သည် ပြီးခဲ့သည့် မေ ၃၀ ရက်မှ ဇွန် ၃ ရက်နေ့အထိ ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် တွေ့ဆုံခဲ့သည်။

ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ သွားရောက်ကာ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက် ၁၈ ခု လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် တတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ သွားရောက်ခဲ့ရာ ယခု လာမည့် ထိုင်းနိုင်ငံ ခရီးစဉ်သည် အာဏာလုသမ္မတအဖြစ် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ စတုတ္ထမြောက် ပြည်ပခရီးစဉ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများထဲတွင် ဒုတိယမြောက် သွားရောက်သည့် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

ပုံစာ- ပြည်ပခရီးစဉ်များတွင် တွေ့ရသည့် အာဏာလုသမ္မတ မင်းအောင်လှိုင်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed