PSM (News)

ဇူလိုင် ၂၂၊၂၀၂၆

အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ရာ သီတင်းပတ်ကုန်ရက်များအတွင်း လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး လာမည့်ရက်ပိုင်းများအတွင်း မိုးပိုမိုထပ်မံရွာသွန်းမည်ဟု ခန့်မှန်းထားသည်။

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသ ပွန်ချ်၊ ရာဂျိုရီ နှင့် ဒိုဒါခရိုင်များအတွင်း မိုးနှင့်ဆက်စပ်ဖြစ်ပွားသော ဖြစ်ရပ်များကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားသူများလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အကြီးတန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

အရှေ့မြောက်ပိုင်း နာဂလန်းပြည်နယ်တွင်လည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေပြိုမှုများစွာ ဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ရုပ်အလောင်း ၄ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အကြီးတန်းခရိုင် တာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

အိမ်နီးချင်း အာသံပြည်နယ်တွင် တနင်္ဂနွေနေ့က ရေကြီးမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့က ဆိုသည်။ အဆိုပါပြည်နယ်ရှိ ခရိုင်ခုနစ်ခုမှ လူ ၅၇,၀၀၀ ကျော်မှာ မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကို ခံစားနေကြရသည်။

“အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် နောင်လာမည့် ၆ ရက်မှ ၇ ရက်အတွင်းမုတ်သုံမိုး လှုပ်ရှားမှုများ ဆက်လက်ပြင်းထန်နေဦးမည်” ဟု အိန္ဒိယမိုးလေဝសဌာနက X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အလားတူ ဟိမဝန္တာနိုင်ငံတစ်နိုင်ငံဖြစ်သော အိမ်နီးချင်း နီပေါနိုင်ငံတွင် ဇွန်လလယ်ပိုင်း မိုးရာသီစတင်ချိန်ကတည်းက ရေကြီးမြေပြိုခြင်း၊ မိုးသည်းထန်ခြင်းနှင့် လျှပ်စီးလက်ခြင်းများကြောင့် လူ ၂၇ ဦး သေဆုံးကာ၊ တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့က သဘာဝဘေး အန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *