PSM(NEWS) ဧပြီလ ၂၂ ၊၂၀၂၆ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် သည် ယခုအပတ်အတွင်း သွားရောက်ရန်ရှိသည့် အစ်ဆွာတီးနီ နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ၎င်း၏လေယာဉ် ဖြတ်သန်းပျံသန်းခွင့်ပြုထားမှုကို ပြန်လည်ရုပ်သိမ်းရန် အာဖရိက သုံးနိုင်ငံအား တရုတ်အစိုးရက ဖိအားပေးခဲ့သည်ဟု ထိုင်ဝမ်အစိုးရက စွပ်စွဲထားသည်။ တောင်အာဖရိကရှိ နိုင်ငံငယ်တစ်ခုဖြစ်သော အစ်ဆွာတီးနီသည် တရုတ်က ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာဆိုထားသည့် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေး ထားရှိဆဲဖြစ်သော ကမ္ဘာ့ ၁၂ နိုင်ငံအနက် တစ်နိုင်ငံဖြစ်သည်။ သမ္မတ လိုင်ချင်းတယ် သည် ဘုရင် မူဆွာတီ (၃) နန်းတက်ခြင်း အနှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် ဗုဒ္ဓဟူးနေ့တွင် ထွက်ခွာရန် စီစဉ်ထားခြင်းဖြစ်သည်။ သမ္မတရုံး အထွေထွေအတွင်းရေးမှူးချုပ် ဖန်မန်အန်းက ဆေးရှဲလ် မောရစ်ရှနှင့် မဒါဂတ်စကာ နိုင်ငံတို့သည် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ သမ္မတလေယာဉ် ဖြတ်သန်းပျံသန်းခွင့်ကို တစ်ဖက်သတ် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။ “ဒီလုပ်ရပ်ရဲ့ အဓိကအကြောင်းရင်းကတော့ စီးပွားရေးဆိုင်ရာ အကျပ်ကိုင်မှုတွေအပါအဝင် တရုတ်အာဏာပိုင်တွေရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် ဖြစ်ပါတယ်” ဟု ၎င်းက တိုင်ပေတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဤကိစ္စနှင့်ပတ်သက်၍ ချက်ချင်း တုံ့ပြန်ခြင်းမရှိသေးပေ။ အာဖရိကတိုက်နှင့် ခိုင်မာသော စီးပွားရေးနှင့် နိုင်ငံရေးအရ ဆက်နွှယ်မှုရှိသည့် တရုတ်နိုင်ငံက ထိုင်ဝမ်သည် ၎င်း၏ ပြည်နယ်တစ်ခုသာဖြစ်ပြီး သီးခြားနိုင်ငံအဖြစ် ရပ်တည်ခွင့်မရှိကြောင်း ပြောဆိုလေ့ရှိသည်။ သမ္မတ လိုင်ချင်းတယ် က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားရာ၌ တရုတ်၏ “ဖိနှိပ်သည့် လုပ်ရပ်များ” သည် အာဏာရှင်နိုင်ငံများက နိုင်ငံတကာလုပ်ထုံးလုပ်နည်း၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အပေါ် ခြိမ်းခြောက်နေမှုကို ပြသနေခြင်းဖြစ်ကြောင်း ဆိုသည်။ ဆေးရှဲလ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသို့ပြောကြားရာတွင် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို အသိအမှတ်မပြုသည့် ၎င်းတို့၏ မူဝါဒနှင့်အညီ သမ္မတလေယာဉ်ကို ဖြတ်သန်းခွင့် သို့မဟုတ် ဆင်းသက်ခွင့် မပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မဒါဂတ်စကာ အရာရှိတစ်ဦးကလည်း “တရုတ်တစ်နိုင်ငံတည်း (One China)” မူဝါဒကိုသာ အသိအမှတ်ပြုသောကြောင့် လေယာဉ်ဖြတ်သန်းခွင့်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထိုင်ဝမ်သမ္မတတစ်ဦးအနေဖြင့် တရုတ်၏ ဖိအားပေးမှုကြောင့် ပြည်ပခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။ တရုတ်အစိုးရသည် လိုင်ချင်းတယ် ကို “ခွဲထွက်ရေးသမား” ဟု သတ်မှတ်ကာ အထူးမလိုလားအပ်သူအဖြစ် ရှုမြင်ထားသည်။ ထိုင်ဝမ်လုံခြုံရေး အရာရှိကြီးတစ်ဦးကမူ တရုတ်နိုင်ငံသည် ကြွေးမြီလျှော့ပေါ့ပေးမှုများကို ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ကာ ဆေးရှဲလ်၊ မဒါဂတ်စကာနှင့် မောရစ်ရှနိုင်ငံတို့ကို ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း ယူဆရသည်ဟု ပြောကြားခဲ့သည်။ ယခုခရီးစဉ်သည် သမ္မတ လိုင်ချင်းတယ် အနေဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးသော ပြည်ပခရီးစဉ် ဖြစ်လာရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ကိုးကား Reuters Post navigation အီသီယိုးပီးယား လေကြောင်းလိုင်းမှ ဘိုးအင်း၇၈၇-၉ လေယာဉ်သစ် ခြောက်စီး ထပ်မံဝယ်ယူမည် ထိုင်ဝမ်သမ္မတ၏ အာဖရိကခရီးစဉ် ပျက်ပြယ်သွားမှုအပေါ် တရုတ်နိုင်ငံက ချီးကျူးဂုဏ်ပြု၊ တိုင်ပေဘက်ကမူ အလျှော့ပေးမည်မဟုတ်ဟု တုံ့ပြန်