PSM(NEWS)

ဧပြီ၂၂၊၂၀၂၆

အာဖရိက၏ အကြီးဆုံး လေကြောင်းလိုင်းဖြစ်သော အီသီယိုးပီးယား လေကြောင်းလိုင်း (Ethiopian Airlines) သည် ၎င်းတို့၏ အာဖရိက၊ အမေရိကန်၊ ဥရောပနှင့် အာရှ ခရီးစဉ်များကို တိုးချဲ့ရန်အတွက် Boeing 787-9 Dreamlinerအမျိုးအစား လေယာဉ်သစ် ခြောက်စီးကို ထပ်မံဝယ်ယူသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဝါရှင်တန်မြို့အနီးရှိ Boeing ဌာနချုပ်တွင် ပြုလုပ်သော လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီး၌ အီသီယိုးပီးယား လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် မက်စ်ဖင် တာဆူးက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် ယခင်က မှာယူထားသည့် ဘိုးအင်း ၇၈၇ လေယာဉ်အစီးရေ ၂၀ အပြင် ယခုထပ်မံတိုးမြှင့်လိုက်သော လေယာဉ် ခြောက်စီးကြောင့် စုစုပေါင်း ၂၆ စီးကို ၂၀၂၈ ခုနှစ်မှစတင်၍ လက်ခံရရှိတော့မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ လေယာဉ်ကြီးတွေနဲ့ ပျံသန်းဖို့လိုအပ်တဲ့ အာဖရိကတွင်း ခရီးစဉ်တွေရှိသလို၊ လေယာဉ်မလုံလောက်မှုကြောင့် မပျံသန်းနိုင်သေးတဲ့ သြစတြေးလျလို ခရီးစဉ်သစ်တွေကိုလည်း တိုးချဲ့သွားမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ အမေရိကန်ထုတ်ကုန်များ ပြည်ပသို့ တင်ပို့မှုကို အားပေးကူညီနေသည့် ထရမ့်အစိုးရအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။

အမှုဆောင်အရာရှိချုပ် မက်စ်ဖင် တာဆူး

သည် အီသီယိုးပီးယားနိုင်ငံ၊ ဘစ်ရှော့ဖ်တူမြို့တွင် တည်ဆောက်မည့် ဒေါ်လာ ၁၂.၅ ဘီလီယံတန် လေဆိပ်သစ်စီမံကိန်းနှင့် ပတ်သက်၍လည်း အမေရိကန်အရာရှိများနှင့် ဆွေးနွေးခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်မည့် အဆိုပါလေဆိပ်သည် အာဖရိက၏ အကြီးဆုံးလေဆိပ် ဖြစ်လာမည်ဖြစ်သည်။

“ဒီလေဆိပ်သစ်ဟာ ခရီးသည် သန်း ၆၀ အထိ ဝန်ဆောင်မှုပေးနိုင်မယ့် ခေတ်မီ အဆင့်မြင့် အဆောက်အအုံတွေ ပါဝင်မှာပါ။ ကျွန်တော်တို့က ဒီလေဆိပ်ကို အာဖရိကရဲ့ ဒူဘိုင်း ဒါမှမဟုတ် အာဖရိကရဲ့ အစ္စတန်ဘူလ် လိုမျိုး ဖြစ်လာစေချင်တာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြေးလမ်း လေးခုပါဝင်မည့် ဤလေဆိပ်သစ်သည် လက်ရှိ အီသီယိုးပီးယားနိုင်ငံ၏ အဓိကလေဆိပ်ထက် ဝန်ဆောင်မှုပေးနိုင်စွမ်း လေးဆခန့် ပိုမိုကြီးမားမည်ဖြစ်သည်။ ဤစီမံကိန်းအတွက် အာဖရိကဖွံ့ဖြိုးရေးဘဏ် (African Development Bank) က ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးထားပြီး ကျန်ရှိသော ရန်ပုံငွေများအတွက် အမေရိကန် ဘဏ္ဍာရေးအဖွဲ့အစည်းများစွာကလည်း စိတ်ဝင်စားမှုရှိနေကြောင်း သိရသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *