PSM(NEWS)

ဧပြီ၂၃၊၂၀၂၆

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် ၏ လေယာဉ်အား ၎င်းတို့၏ ဝေဟင်ပိုင်နက်အတွင်း ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့သည့် အာဖရိက သုံးနိုင်ငံ၏ လုပ်ရပ်အပေါ် တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့တွင် ချီးကျူးစကား ဆိုလိုက်သည်။ အဆိုပါ ပိတ်ပင်မှုကြောင့် သမ္မတ လိုင်ချင်းတယ် ၏ အဲ့စ်ဝါတီးနီ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသော်လည်း ပေကျင်း၏ ဖိအားပေးမှုများကို ကြောက်ရွံ့နောက်တွန့်သွားမည်မဟုတ်ကြောင်း ၎င်းက ကတိပြု ပြောကြားခဲ့သည်။

ဝေဟင်ပိုင်နက် အသုံးပြုခွင့် ငြင်းပယ်ခံရမှုကြောင့် ထိုင်ဝမ်သမ္မတတစ်ဦး၏ ပြည်ပခရီးစဉ်တစ်ခုလုံး ဖျက်သိမ်းလိုက်ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။ ၎င်းမှာ ထိုင်ဝမ်၏ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်ကို ကျဉ်းမြောင်းစေရန် တရုတ်နိုင်ငံက နည်းဗျူဟာသစ်ဖြင့် အရှိန်မြှင့် ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။

သမ္မတ လိုင်ချင်းတယ် သည် ထိုင်ဝမ်နှင့် သံတမန်အဆက်အသွယ်ရှိသည့် ၁၂ နိုင်ငံအနက် တစ်နိုင်ငံဖြစ်သော အာဖရိကတောင်ပိုင်းမှ အဲ့စ်ဝါတီးနီနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော်လည်း ဆေးရှဲလ် ၊ မောရစ်ရှနှင့် မဒါဂတ်စကာ နိုင်ငံတို့က ဝေဟင်ပိုင်နက် ဖြတ်သန်းခွင့်ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းကြောင့် ခရီးစဉ်အား ရွှေ့ဆိုင်းခဲ့ရကြောင်း ထိုင်ဝမ်ဘက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန် တရုတ်နိုင်ငံက စီးပွားရေးအရ “အကျပ်ကိုင်မှု” များ ပြုလုပ်ခဲ့သည်ဟု သမ္မတ လိုင်ချင်းတယ် က စွပ်စွဲခဲ့သော်လည်း တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုဆိုခွင့်ရှိသူ ကျန်းဟန် ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ ကျန်းဟန် က အဆိုပါ သုံးနိုင်ငံအနေဖြင့် “တရုတ်တစ်နိုင်ငံတည်း မူဝါဒ” ကို လိုက်နာကျင့်သုံးခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်းက ရှေးဟောင်းတရုတ်ဒဿနပညာရှင် မင်းရှပ်၏ စကားကို ကိုးကား၍ “တရားသော အမှုသည် ထောက်ခံသူများပြားပြီး မတရားသော အမှုသည် အထောက်အပံ့နည်းပါးသည်” ဟု ဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ကမ္ဘာပေါ်၌ “ထိုင်ဝမ်သမ္မတ (သို့မဟုတ်) တရုတ်သမ္မတနိုင်ငံ (ROC) သမ္မတ” ဟူ၍ မရှိတော့ကြောင်းနှင့် အဆိုပါ ဂုဏ်ပုဒ်အတုကို အသုံးပြုသူ မည်သူမဆို သမိုင်းနှင့် ဆန့်ကျင်ဘက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြင်းထန်စွာ ပြောဆိုခဲ့သည်။

သမ္မတ လိုင်ချင်းတယ် ကမူ “ထိုင်ဝမ်ပြည်သူတွေဟာ ကမ္ဘာနဲ့ ဆက်သွယ်ခွင့်ရှိပါတယ်။ ဘယ်နိုင်ငံကမှ ဒါကို တားဆီးလို့ မရပါဘူး။ တရုတ်က ငါတို့ကို ဖိနှိပ်လေလေ၊ ငါတို့ရဲ့ မကြောက်မရွံ့တဲ့ စိတ်ဓာတ်ကို ပိုပြရလေလေပါပဲ” ဟု တိုင်ပေတွင် ပြုလုပ်သည့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မဒါဂတ်စကာနှင့် ဆေးရှဲလ်နိုင်ငံတို့ကမူ ၎င်းတို့အနေဖြင့် ထိုင်ဝမ်အား အသိအမှတ်ပြုထားခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ တစ်ဖက်တွင်လည်း အဲ့စ်ဝါတီးနီနိုင်ငံကမူ ထိုင်ဝမ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပြောင်းလဲမှုမရှိဘဲ ခိုင်မြဲနေဆဲဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးသော်လည်း အမေရိကန် လွှတ်တော်အမတ် အများအပြားကမူ ယခုလုပ်ရပ်အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။ အမေရိကန်အောက်လွှတ်တော်၏ တရုတ်ဆိုင်ရာ အထူးကော်မတီက ယခုလုပ်ရပ်သည် သံတမန်နည်းလမ်းမဟုတ်ဘဲ ဒီမိုကရေစီ မိတ်ဖက်နိုင်ငံတစ်ခုအား အထီးကျန်ဖြစ်စေရန် စီးပွားရေးအရ ဖိအားပေးခြင်းသာဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *