PSM(NEWS)

ဧပြီ ၂၂ ၊၂၀၂၆

ရုရှားနှင့် တရုတ်နိုင်ငံတို့၏ နျူကလီးယား လက်နက်ဆိုင်ရာ မူဝါဒများကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) က အင်္ဂါနေ့တွင် ဝေဖန်လိုက်ပြီး၊ လာမည့် နိုင်ငံတကာညီလာခံတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိရန်နှင့် တည်ငြိမ်မှုဖော်ဆောင်ရန် အမေရိကန်ပြည်ထောင်စုနှင့် လက်တွဲလုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။

အဖွဲ့ဝင် ၃၂ နိုင်ငံပါဝင်သော NATO အဖွဲ့သည် ၁၉၇၀ ပြည့်နှစ်တွင် စတင်အသက်ဝင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ထိန်းချုပ်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သော နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်သည် ရုရှား-ယူကရိန်းစစ်ပွဲနှင့် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်မက်ဖြစ်ပွားနေမှုများကြောင့် ပထဝီနိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်၊ လာမည့်အပတ်တွင် နယူးယောက်မြို့ရှိ ကုလသမ၌ ကျင်းပမည့် စာချုပ်ပြန်လည်သုံးသပ်ရေး ညီလာခံမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ရုရှားဟာ အရေးပါတဲ့ လက်နက်ထိန်းချုပ်ရေး ကတိကဝတ်တွေကို ချိုးဖောက်နေပြီး တာဝန်မဲ့တဲ့ နျူကလီးယား ခြိမ်းခြောက်မှု စကားလုံးတွေကို အသုံးပြုနေပါတယ်။ တရုတ်နိုင်ငံကလည်း ၎င်းရဲ့ နျူကလီးယားလက်နက်တိုက်ကို ပွင့်လင်းမြင်သာမှုမရှိဘဲ လျင်မြန်စွာ တိုးချဲ့ဖြန့်ကျက်နေပါတယ်” ဟု မြောက်အတ္တလန္တိတ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NATOဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဘောရစ် ရူဂီ က ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင် ရုရှား၏ နျူကလီးယားသယ်ဆောင်နိုင်သော Oreshnik အလတ်စားပစ် ဒုံးကျည်ကို ယူကရိန်းတွင် နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ခြင်းမှာ မော်စကို၏ တာဝန်မဲ့သော “နျူကလီးယား အချက်ပေးမှု” ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “ဒီနေ့မှာ ကျွန်တော်တို့ဟာ အရေးပါတဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်အားလုံးကနေ နုတ်ထွက်ထားတဲ့၊ နူကလီးယား ပစ်လွှတ်မှုစနစ် အမျိုးမျိုးကို တိုးမြှင့်နေတဲ့၊ ၁၉၄၅ နောက်ပိုင်း ဥရောပရဲ့ အကြီးမားဆုံးစစ်ပွဲကို ဆင်နွှဲနေတဲ့ ရုရှားနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရုရှားအစိုးရကမူ နျူကလီးယား ထိပ်ဖူးနှင့် ဒုံးကျည်ပမာဏကို ကန့်သတ်ထားသည့် New START စာချုပ် သက်တမ်းကုန်ဆုံးသွားသော်လည်း ၎င်းတို့သည် တာဝန်သိသော နျူကလီးယားအင်အားကြီးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်မည်ဟု ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း ပြင်သစ်၏ နျူကလီးယားလက်နက် တိုးချဲ့မည့် အစီအစဉ်သည် မော်စကိုအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု ရုရှားက ဝေဖန်ထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့၏ နျူကလီးယားအင်အားသည် နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်သော အနိမ့်ဆုံးအဆင့်တွင်သာ အမြဲထိန်းသိမ်းထားပြီး မည်သည့် လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုတွင်မျှ ပါဝင်မည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *