PSM/(NEWS)

ဧပြီ ၂၂ ၊၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အီရန်နိုင်ငံနှင့် ရယူထားသော အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ဆန္ဒမရှိကြောင်း အင်္ဂါနေ့တွင် CNBC နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်ရှိတွင် အားသာချက်ရှိသော ဆွေးနွေးမှုအခြေအနေတွင် ရှိနေပြီး နောက်ဆုံး၌ ကောင်းမွန်သည့် သဘောတူညီချက်တစ်ခု ရရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

“ကျွန်တော် သက်တမ်းမတိုးချင်ဘူး။ ကျွန်တော်တို့မှာ အချိန်အများကြီး မရှိတော့ဘူး” ဟု အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ခြေနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဒေါ်နယ်ထရန့် က ဖြေကြားခဲ့သည်။

အီရန်နှင့် ပြုလုပ်မည့် ဆွေးနွေးပွဲများကို ပါကစ္စတန်နိုင်ငံတွင် ကျင်းပသွားနိုင်ရန် ဝါရှင်တန်က ယုံကြည်မှုရှိနေပြီး အီရန်အဆင့်မြင့်အရာရှိတစ်ဦးကလည်း တေဟီရန်အစိုးရအနေဖြင့် အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရန် မသေချာသေးသည့် အခြေအနေတွင် အီရန်နှင့် သဘောတူညီချက် မရရှိပါက အမေရိကန်အနေဖြင့် တိုက်ခိုက်မှုများကို ပြန်လည်စတင်မည်ဟု ဒေါ်နယ်ထရန့် က ဆိုသည်။

“ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ အဲဒီလို သဘောထားမျိုးနဲ့ ချဉ်းကပ်တာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင့်ပါပဲ။ ဆိုလိုတာက စစ်တပ်ကတော့ စစ်ဆင်ရေးနွှဲဖို့ အားခဲထားပြီးသားပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား Reuters

By Htet Ko