PSM(NEWS)

မတ် ၂၂၊ ၂၀၂၆

ကာတာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှု အဆောက်အအုံများအပေါ် ယခုသီတင်းပတ်အတွင်း အီရန်၏ တိုက်ခိုက်မှုများသည် ကမ္ဘာ့စွမ်းအင် ဈေးကွက်သာမက နည်းပညာ ထောက်ပံ့ရေးကွင်းဆက်ကိုပါ ခြိမ်းခြောက်လျက်ရှိသည်။

ကာတာမှ ထွက်ရှိသည့် ဟီလီယမ် (Helium) ဓာတ်ငွေ့သည် အဆင့်မြင့် စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ် အရေးပါသည်။

ဟီလီယမ်သည် ပွဲလမ်းသဘင်သုံး မိုးပျံပူဖောင်းများတွင်သာမက ကွန်ပျူတာချစ်ပ်ပြား ထုတ်လုပ်ခြင်း၊ အာကာသဒုံးပျံများနှင့် ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်စက် (MRI) များတွင် အဓိက အသုံးပြုရသည့် ဓာတ်ငွေ့ဖြစ်သည်။

အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ အဆိုအရ ကာတာသည် ကမ္ဘာ့ဟီလီယမ် လိုအပ်ချက်၏ သုံးပုံတစ်ပုံခန့်ကို တင်ပို့နေခြင်းဖြစ်သည်။ သို့သော် လွန်ခဲ့သည့် သုံးပတ်က စစ်ပွဲစတင်ကတည်းက ထုတ်လုပ်မှုများ ရပ်တန့်ခဲ့ရသည်။

အီရန်၏ နောက်ဆုံးတိုက်ခိုက်မှုများကြောင့် ကာတာအစိုးရပိုင် ဓာတ်ငွေ့ကုမ္ပဏီက ဟီလီယမ်တင်ပို့မှုကို ၁၄ ရာခိုင်နှုန်းခန့် လျှော့ချရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟီလီယမ်သည် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းဖြစ်သည်။ ကာတာ၏ ရပ်စ်လာဖန် (Ras Laffan) စက်ရုံသည် ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့ရည်စက်ရုံဖြစ်ပြီး ကမ္ဘာ့ဟီလီယမ် ၃၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေသည်။

မတ်လ ၂ ရက်နေ့တွင် အီရန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် ကာတာဓာတ်ငွေ့ကုမ္ပဏီ (QatarGas) သည် ထုတ်လုပ်မှုများကို ရပ်ဆိုင်းခဲ့ရသည်။

ယခုသီတင်းပတ်အတွင်း ထပ်မံတိုက်ခိုက်ခံရမှုကြောင့် စက်ရုံမှာ ပြင်းထန်စွာ ပျက်စီးသွားပြီး ပြန်လည်ပြင်ဆင်ရန် နှစ်နှင့်ချီ ကြာမြင့်နိုင်ကြောင်း သိရသည်။

ကွန်ပျူတာချစ်ပ်ပြား ထုတ်လုပ်ရေး: အထူးသဖြင့် AI နည်းပညာသုံး ချစ်ပ်ပြားများ ထုတ်လုပ်ရာတွင် ဟီလီယမ်ကို အပူချိန်ထိန်းညှိရန်နှင့် အအေးခံရန် အသုံးပြုရသည်။ ၎င်းကို အစားထိုးနိုင်မည့် အခြားဓာတ်ငွေ့ မရှိသေးပေ။

ထို့အပြင် ဆေးဘက်ဆိုင်ရာ MRI စက်များရှိ သံလိုက်များကို အေးမြနေစေရန် ဟီလီယမ် လိုအပ်သည်။ အာကာသလုပ်ငန်း: SpaceX နှင့် Blue Origin ကဲ့သို့ ကုမ္ပဏီများက ဒုံးပျံလောင်စာကန်များကို သန့်စင်ရန် ဟီလီယမ်ကို အသုံးပြုကြသည်။

တောင်ကိုရီးယားနိုင်ငံမှ Samsung Electronics နှင့် SK Hynix တို့သည် ၎င်းတို့လိုအပ်သည့် ဟီလီယမ် ၆၅ ရာခိုင်နှုန်းခန့်ကို ကာတာမှ တင်သွင်းနေရသဖြင့် အထိခိုက်ဆုံး ဖြစ်လာနိုင်သည်။ လက်ရှိတွင် ကုမ္ပဏီများ၌ လအနည်းငယ်စာ လက်ကျန်ရှိနေသော်လည်း စစ်ပွဲကြာရှည်လာပါက ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံး အဟန့်အတား ဖြစ်လာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

လက်ရှိတွင် ဟီလီယမ်ဈေးနှုန်းများသည် နှစ်ဆခန့် မြင့်တက်နေပြီး ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုဒဏ်ကို နောက်သီတင်းပတ်အနည်းငယ်အတွင်း စတင်ခံစားရနိုင်ကြောင်း သိရသည်။

ကိုးကား – A P

#အီရန်စစ်ပွဲ

#ကာတာ

#ဟီလီယမ်ထုတ်လုပ်မှု

#ကမ္ဘာ့နည်းပညာ_ထောက်ပံ့ရေး

#ခြိမ်းခြောက်နေ

#PSM_News

By Htet Ko