PSM (NEWS)

မတ် ၂၂၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံ၏ ခါ့ဂ်ကျွန်း စစ်ရေးအရ အရေးယူလာပါက ပဋိပက္ခများ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာနိုင်ကြောင်း အီရန်က သတိပေးလိုက်သည်။

ပင်လယ်နီနှင့် ဘပ်လ်အယ်လ်မန်ဒက် ရေလက်ကြား လုံခြုံရေး ပျက်ပြားနိုင်သလို ဒေသတွင်း စွမ်းအင်အဆောက်အအုံများပါ တိုက်ခိုက်ခံရနိုင်သည်ဟု ဆိုသည်။

အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ဆက်နွှယ်သည့် Tasnim သတင်းဌာနက စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်ကို ကိုးကား၍ မတ်လ ၂၁ ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဝါရှင်တန်ဒီစီအနေဖြင့် မဟာဗျူဟာမြောက် ရေနံအချက်အချာကျသော အဆိုပါကျွန်းကို ကျူးကျော်ရန် ကြိုးပမ်းပါက အီရန်က “စံချိန်တင်” တုံ့ပြန်သွားမည်ဖြစ်သည်။ ယင်းတုံ့ပြန်မှုသည် လွန်ခဲ့သည့် သုံးပတ်အတွင်း လုပ်ဆောင်ချက်များထက် ပိုမိုပြင်းထန်လိမ့်မည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ဘပ်လ်အယ်လ်မန်ဒက်နှင့် ပင်လယ်နီအပါအဝင် အရေးပါသည့် ရေကြောင်းလမ်းများကို ပစ်မှတ်ထားရန် အီရန်နှင့် မဟာမိတ်တပ်များက စီစဉ်ထားသည်။ ယင်းသည် ထိပ်တိုက်ရင်ဆိုင်မှုများက ဟော်မုဇ်ရေလက်ကြားထက် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း ပြသနေခြင်းဖြစ်သည်။

ခါ့ဂ်ကျွန်း တိုက်ခိုက်ခံရပါက အီရန်၏ ရေနံထုတ်လုပ်မှု ယာယီပြတ်တောက်သွားနိုင်သည်။ သို့သော် ဒေသတွင်း စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် လက်တုံ့ပြန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွက်ပါ အန္တရာယ်ကြီးမားလာမည် ဖြစ်သည်။

အမေရိကန်အနေဖြင့် ခါ့ဂ်ကျွန်းကို ကျူးကျော်ရန် ကြိုးပမ်းပါက ဒုတိယကမ္ဘာစစ်နောက်ပိုင်း မကြုံစဖူးသည့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း သတိပေးထားသည်။

ကိုးကား – Iran International

#အမေရိကန်

#စစ်မီးကူး

#ခါ့ဂ်ကျွန်း_တိုက်ခိုက်

#ပင်လယ်နီ

#စွမ်းအင်အဆောက်အအုံ

#PSM_News

By Htet Ko