PSM(NEWS)

မတ်၂၂ ၊ ၂၀၂၆

စကော့တလန်ရှိ ဗြိတိန်၏ နျူကလီးယား ရေငုပ်သင်္ဘောအခြေစိုက်စခန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် အီရန်အမျိုးသားတစ်ဦးနှင့် ရိုမေးနီးယားအမျိုးသမီးတစ်ဦးတို့ကို တရားစွဲဆိုလိုက်ကြောင်း စကော့တလန်ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးကို ကြာသပတေးနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဗြိတိန်မီဒီယာများကမူ ၎င်းတို့နှစ်ဦးကို အီရန်သူလျှိုများဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။

ယခုကဲ့သို့ တရားစွဲဆိုမှုသည် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ခဲ့ပြီး သုံးပတ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဗြိတိန်သည် အီရန်ကို တိုက်ခိုက်ရာတွင် တိုက်ရိုက်မပါဝင်သော်လည်း ပင်လယ်ကွေ့ဒေသအတွင်း အီရန်၏ ဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ချရာတွင် ပါဝင်ကူညီခဲ့သည်။

ဖက်စလိန်းရှိ‘ကလိုက်ဒ်’ရေတပ်အခြေစိုက်စခန်းသည် ဗြိတိန်၏ လုံခြုံရေးအတွက် အလွန်အရေးကြီးသော နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် ဗြိတိန်၏ နျူကလီးယားလက်နက်တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောအုပ်စုနှင့် တိုက်ခိုက်ရေးရေငုပ်သင်္ဘောများကို အခြေစိုက်ထားရှိသည်။

အသက် ၃၄ နှစ်အရွယ် အီရန်အမျိုးသားနှင့် အသက် ၃၁ နှစ်အရွယ် ရိုမေးနီးယားအမျိုးသမီးတို့အား မတ်လ ၂၃ ရက်နေ့တွင် ဒါမ်ဘာတန် တရားရုံး၌ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း စကော့တလန်ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ကိုးကား Reuters

#ဗြိတိန်

#နျူကလီးယား

#ရေငုပ်သင်္ဘောအခြေစိုက်စခန်း

#ကျူးကျော်ဝင်ရောက်

#စကော့တလန်ရဲတပ်ဖွဲ့

#အီရန်အမျိုးသား

#ရိုမေးနီးယားအမျိုးသမီး

#တရားစွဲဆို

#PSM_News

By Htet Ko