PSM(NEWS)

ဖေဖော်ဝါ‌ရီ ၂၂၊ ၂၀၂၆

တရုတ်ကုမ္ပဏီများအနေဖြင့် ဥရောပဈေးကွက်အတွင်းသို့ အခွန်နှုန်းထားသက်သာစွာဖြင့် ဝင်ရောက်လိုပါက တရုတ်နိုင်ငံ၏ စီးပွားရေးဈေးကွက်ကိုလည်း ဥရောပလုပ်ငန်းရှင်များအတွက် တန်းတူဖွင့်လှစ်ပေးရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကုန်သွယ်ရေးကော်မရှင်နာ မားရော့စ် ရှက်ဖ်ကိုဗစ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ စာရင်းအင်းဌာနဖြစ်သော Eurostat ၏ အဆိုအရ ပြီးခဲ့သည့်နှစ်တွင် ဥရောပနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုလိုငွေမှာ ယူရို ၃၅၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂၃.၂ ဘီလီယံ) ရှိခဲ့ကြောင်း သိရသည်။

၎င်းပမာဏသည် ၂၀၂၂ ခုနှစ်က စံချိန်တင်ခဲ့သော ပမာဏပြီးလျှင် ဒုတိယအများဆုံးဖြစ်ပြီး ယင်းအခြေအနေမှာ “ရေရှည်တည်တံ့နိုင်ဖွယ်မရှိ” ကြောင်း မားရော့စ် ရှက်ဖ်ကိုဗစ်က ထောက်ပြခဲ့သည်။

လာမည့်လတွင် ကင်မရွန်းနိုင်ငံ၌ ကျင်းပမည့် အဖွဲ့ဝင် ၁၆၆ နိုင်ငံပါဝင်သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်မှုစနစ်၌ တရားမျှတမှုရှိစေရန် ပြန်လည်လုပ်ဆောင်ရန် လိုအပ်ကြောင်း ဥရောပသမဂ္ဂ ကုန်သွယ်ရေးအကြီးအကဲက ဆိုသည်။

“WTO အဖွဲ့ဝင်အချို့ဟာ ကမ္ဘာ့ကုန်သွယ်မှုမှာ သူတို့ရဲ့ဝေစုကို အကြီးအကျယ် ချဲ့ထွင်နိုင်ခဲ့ပေမဲ့ သူတို့ရဲ့ကိုယ်ပိုင်ဈေးကွက်တွေကိုတော့ အတော်အတန် ပိတ်ထားဆဲပါပဲ” ဟု ဆိုက်ပရပ်စ်နိုင်ငံ၌ ပြုလုပ်သည့် ဥရောပသမဂ္ဂ ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မားရော့စ် ရှက်ဖ်ကိုဗစ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၀၁ ခုနှစ်တွင် WTO သို့ ဝင်ရောက်ပြီးနောက်ပိုင်း ပို့ကုန်ကဏ္ဍတွင် ‘အခွင့်ထူးခံနိုင်ငံ’ (Most-favoured Nation – MFN) အဆင့်အတန်းဖြင့် အခွန်သက်သာခွင့်များကို ရရှိခဲ့ကာ လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိစနစ် လည်ပတ်နေပုံနှင့်ပတ်သက်၍ “လေးနက်ပြီး ပွင့်လင်းရိုးသားတဲ့ ဆွေးနွေးမှု” ပြုလုပ်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ကမ္ဘာ့ကုန်သွယ်မှု အလေးချိန်ဟာ သိသိသာသာ မြင့်တက်လာပေမဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေက လိုက်လျောညီထွေ ပြောင်းလဲလာခြင်းမရှိတဲ့အခါမှာ ကျနော်တို့ ခက်ခဲတဲ့မေးခွန်းတွေ မေးရပါလိမ့်မယ်။ MFN အခွန်သက်သာခွင့်နဲ့ လက်တွေ့ဈေးကွက်ဖွင့်လှစ်ပေးမှုကြားမှာ ရှင်းလင်းတဲ့ ဆက်စပ်မှုရှိရမှာပါ” ဟု ၎င်းက ဆိုသည်။

ဥရောပကော်မရှင်အနေဖြင့် ယင်းကိစ္စအတွက် အဖြေရှာနိုင်ရန် တက်ကြွစွာ ဆွေးနွေးလိုကြောင်းလည်း မားရော့စ် ရှက်ဖ်ကိုဗစ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကြောင့် မြေရှားသတ္တုတင်ပို့ခွင့်လိုင်စင် ထုတ်ပေးခြင်းကဲ့သို့သော ရလဒ်အချို့ ထွက်ပေါ်လာသော်လည်း ရေရှည်တည်ရှိနေသည့် ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား Reuters

#ဥရောပကော်မရှင်

#တရုတ်

#မြေရှားသတ္တု

#အခွန်နှုန်းထားလျှော့ပေါ့

#အကျိုးခံစားခွင့်

#ကုန်သွယ်ရေးအကြီးအကဲ

#PSM_News

By Htet Ko