အာရှဂုဏ်ဆောင် မင်းသမီးကြီး မီရှဲယိုး လော့စ်အိန်ဂျလိစ်မြို့ ဟောလိဝုဒ်ဂုဏ်ပြုလမ်းမပေါ်တွင် ကြယ်ပွင့်အဖြစ် မှတ်တမ်းတင်ခံရ PSM(NEWS) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆ မလေးရှားနိုင်ငံသူ နာမည်ကျော်မင်းသမီးကြီး မီရှဲယိုးသည် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ် မြို့ရှိ ကမ္ဘာကျော် ဟောလိဝုဒ် ဂုဏ်ပြုလမ်းမ (Hollywood Walk of Fame) ပေါ်တွင် သူမ၏ အမည်ဖြင့် ကြယ်ပွင့်အဖြစ် ဂုဏ်ပြုခြင်း ခံခဲ့ရသည်။ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်သော မင်းသမီးကြီးသည် ၂၀၀၀ ပြည့်နှစ်တွင် ဒါရိုက်တာ အန်းလီ ရိုက်ကူးခဲ့သည့် “Crouching Tiger, Hidden Dragon” ရုပ်ရှင်၌ ယူရှုလျန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာ အနုပညာလောကတွင် စတင်ထင်ရှားလာခဲ့သူဖြစ်သည်။ အဆိုပါရုပ်ရှင်သည် အော်စကာဆု ၄ ဆုအထိ ဆွတ်ခူးနိုင်ခဲ့ကာ သူမ၏အနုပညာခရီးလမ်းအတွက် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်တွင် “Everything Everywhere All at Once” ရုပ်ရှင်၌ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်အော်စကာ ဆုကို ပထမဆုံးရရှိခဲ့သည့် အာရှအမျိုးသမီးအဖြစ်သမိုင်းသစ် ရေးထိုးခဲ့သည်။ မကြာသေးမီကလည်း ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလတွင်ကျင်းပခဲ့သော ၇၆ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်၌ ဂုဏ်ထူးဆောင် ရွှေဝက်ဝံဆု (Honorary Golden Bear) ကို ရရှိခဲ့သည်။ မီရှဲယိုး (Michelle Yeoh) သည် ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့သည့် “The Lady” ရုပ်ရှင်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။ ကိုးကား AFP #မီရှဲယိုး #အမေရိကန် #ဟောလိဝုဒ်_ဂုဏ်ပြုလမ်းမ #ကြယ်ပွင့်_ဂုဏ်ပြု #PSM_News Post navigation ရန်ပုံငွေအခက်အခဲကြောင့် ဆိုမာလီယာနိုင်ငံရှိ စားနပ်ရိက္ခာအကူအညီများ ရက်သတ္တပတ်အနည်းငယ်အတွင်း ရပ်တန့်သွားနိုင်ကြောင်း WFP သတိပေး တရုတ်နိုင်ငံအနေဖြင့် အခွန်နှုန်းထားလျှော့ပေါ့မှုကို အကျိုးခံစားခွင့်ရယူပြီး မိမိတို့ဈေးကွက်ကို ကာကွယ်ထား၍မရကြောင်း ဥရောပသမဂ္ဂ (EU) ကုန်သွယ်ရေးအကြီးအကဲ ပြောကြား