PSM(News)

ဇူလိုင် ၂၁၊ ၂၀၂၆

အာဏာလု စစ်တပ်က မတရား အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် မေလအထိ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၃၂ ခု၌ လုံလောက်သော ဆေးကုသခွင့် မရရှိဘဲ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၄၈ ဦး ရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယမန်နေ့ ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

စုစုပေါင်း သေဆုံးသူ ၁၄၈ ဦးအနက် ၈၆ ရာခိုင်နှုန်းမှာ အမျိုးသား နိုင်ငံရေးအကျဉ်းသားများ ဖြစ်ပြီး အသက် ၃၆ နှစ်မှ ၅၅ နှစ်ကြား လုပ်ငန်းခွင်ဝင်နိုင်သည့် အရွယ်များတွင် သေဆုံးမှု အများဆုံး ဖြစ်ခဲ့သည်။ အကျဉ်းထောင်များအနက် အင်းစိန်အကျဉ်းထောင်သည် သေဆုံးမှုနှုန်း ၃၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ခဲ့ပြီး အိုးဘိုအကျဉ်းထောင်က ၁၂ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယ အမြင့်ဆုံး ရှိခဲ့သည်။

အာဏာလုစစ်အုပ်စုသည် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်မီ ပေးအပ်ခြင်းမရှိဘဲ ကန့်သတ်ထားခြင်းကြောင့် ကာကွယ်ကုသ၍ရသော နာတာရှည်ရောဂါများဖြင့် သေဆုံးရသူ ၆၄ ဦးရှိကာ စစ်ဆေးမေးမြန်းစဉ် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးရသူ ၇ ဦး ပါဝင်ကြောင်း PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူ အများစုမှာ အာဏာလုစစ်အုပ်စု၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ အပါအဝင် မတရားပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူများ ဖြစ်ကြသည်။

အာဏာလုစစ်အုပ်စု၏ ထောင်တွင်း သတင်းအမှောင်ချ ပိတ်ဆို့မှုများကြောင့် မြေပြင်တွင် အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း PPNM က ဆိုထားသည်။

ထို့အပြင် ယခုကဲ့သို့ အချိန်မီ ဆေးကုသခွင့် တမင်ပိတ်ဆို့ကာ သေဆုံးစေခဲ့သည့် ဖြစ်စဉ်များအတွက် အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်အုပ်စုနှင့် အကျဉ်းဦးစီးဌာနတို့တွင် တိုက်ရိုက် တာဝန်ရှိပြီး မလွဲမသွေ တာဝန်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ- PPNM၊ လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *