PSM(News)

ဇူလိုင် ၂၁၊၂၀၂၆

ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် စတင်ကျင်းပနေသည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ စစ်အုပ်စု၏ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး အပါအဝင် တောင်းဆိုချက်များပါဝင်သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က ယနေ့ ဇူလိုင် ၂၁ ရက်တွင် ပေးပို့လိုက်သည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ထံ လိပ်မူ ပေးပို့ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် အခြေခံ၍ လက်တွေ့ကျသည့် ရလဒ်များ ဖော်ဆောင်ရန် SCEF က တောင်းဆိုထားသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံအရေး ထိတွေ့ဆက်ဆံရာတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရန်နှင့် အကူအညီ လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ထိရောက်စွာ ပေးအပ်ရန် တောင်းဆိုထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန်၊ မြန်မာပြည်သူများ ဦးဆောင်သော နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ထွန်းရေးအတွက် သင့်လျော်သည့် ဒေသတွင်းနှင့် နိုင်ငံတကာ စောင့်ကြည့်အကဲဖြတ်မှု ယန္တရားများဖြင့် ပံ့ပိုး၍ တိုင်းတာနိုင်သော ရလဒ်များဖြင့် အကဲဖြတ် ဆောင်ရွက်ရန် SCEF ၏ ပေးစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဘုံသဘောတူညီချက်များကို လိုက်နာရန် ဆက်လက်ပျက်ကွက်နေသည့် စစ်အုပ်စု၏ အဆင့်မြင့်အရာရှိများအား အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားသည့် အာဆီယံ၏ တားမြစ်ချက်များကို ပြန်လည်တင်းကြပ်ရန်နှင့် အဆင့်ဆင့် တိုးမြှင့်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း SCEF က ထည့်သွင်း တောင်းဆိုထားသည်။

SCEF သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ပါဝင်သော မဟာမိတ်အခြေပြု ခေါင်းဆောင်မှုယန္တရားတစ်ခုဖြစ်ပြီး ရေရှည်တည်တံ့သည့် နိုင်ငံရေးဖြေရှင်းချက်တွင် NUG၊ ERO များ၊ ဒီမိုကရေစီအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အားလုံး ပါဝင်ရမည်ဖြစ်ကြောင်း အဆိုပါပေးစာတွင် ဖော်ပြထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *