PSM(News) ဇူလိုင် ၂၁၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ဘေးရှောင် ကူညီရေးကိစ္စရပ်များ လုပ်ဆောင် နေသည့် The Ants Humanitarian Aids Team မှ လူငယ်ခေါင်းဆောင်အဖွဲ့ဝင် သုံး ဦးကို အာဏာလု စစ်အုပ်စုကဖမ်းဆီးခဲ့ကြောင်း MAGGA Initiative (MI) အဖွဲ့ထံကသိရသည်။ The Ants Humanitarian Aids Team မှ အဖွဲ့ခေါင်းဆောင် ကိုအယ်သာ၊ အဖွဲ့ဝင် ကိုမြတ်သူနှင့် ဘဏ္ဍာရေးတာဝန်ခံ ကိုလီယွန်တို့ သုံးဦးသည် ပြီးခဲ့သည့်ဇူလိုင် ၉ ရက်နေ့က ရေဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်နေစဉ် ထားဝယ်အထူးစီးပွားရေးဇုံသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ကိုအယ်သာ၊ ကိုမြတ်သူနှင့် ကိုလီယွန်တို့ သုံး ဦးသည် စစ်အုပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း မြေပြင်သတင်းပေးပို့ချက် ဓာတ်ပုံမှတ်တမ်းများအရ ဇူလိုင်လ ၂၀ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ကျဆုံးသွားခဲ့သည့် အဆိုပါ လူငယ် သုံး ဦးသည် ထားဝယ်ဒေသအတွင်း ကြားကာလပညာရေး၊ စစ်ဘေးရှောင်ကူညီရေးနှင့် ရပ်ရွာအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကိစ္စရပ်များကို တက်ကြွစွာဖြင့် တစိုက်မတ်မတ် ဆောင်ရွက်နေသော အနာဂတ် လူငယ်ခေါင်းဆောင်များ ဖြစ်ကြောင်း MI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဏာလု စစ်အုပ်စု၏ ယခုကဲ့သို့ မတရားသဖြင့် ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်အပေါ် ကျန်ရစ်သူ မိသားစုများ၊ The Ants Humanitarian Aids Team အဖွဲ့ဝင်များနှင့်အတူ MAGGA Initiative (MI) ကလည်း ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း အသိပေးထားသည်။ ဒေသအတွက် များစွာအကျိုးပြု ဆောင်ရွက်ခဲ့ပြီး မိမိတို့ ယုံကြည်ရာကို တစိုက်မတ်မတ် ဆောင်ရွက်ရင်း အသက်ပေးဆပ်သွားခဲ့ကြသည့် အဆိုပါ လူငယ်ခေါင်းဆောင်များအား အလေးအနက် ဂုဏ်ပြုပါကြောင်းနှင့် ကောင်းရာသုဂတိသို့ ရောက်ရှိစေရန် MI က ဆန္ဒပြုဆုတောင်းထားသည်။ ဓာတ်ပုံ-MI Post navigation အာဆီယံဥက္ကဋ္ဌနှင့် တီမောလက်စတေတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှင်လျက်ရှိကြောင်း အတည်ပြုချက်တောင်းဆိုရန် APHR တိုက်တွန်း စစ်အုပ်စု ကိုယ်စားလှယ်များကို တက်ရောက်ခွင့် ပြန်လည်ပိတ်ပင်ရန်နှင့် အရပ်သားများအား အကြမ်းဖက်မှု ရပ်တန့်ရန် SCEF က အာဆီယံသို့ အိတ်ဖွင့်ပေးစာ ပေးပို့