PSM(News)

ဇူလိုင် ၂၁၊၂၀၂၆

မနီလာမြို့တွင် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ကျင်းပနေချိန်၌ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ဇူလိုင် ၂၀ ရက်နေ့စွဲဖြင့် အာဆီယံဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မာကို့စ်ဂျူနီယာ နှင့် တီမောလက်စတေသမ္မတ ဂျိုဆေး ရာမို့စ်-ဟော်တာတို့ထံ အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ (APHR) က စာပေးပို့တိုက်တွန်းလိုက်သည်။

မြန်မာစစ်ကောင်စီနှင့် ဆက်လက်ဆောင်ရွက်မည့် မည်သည့် အဆက်အဆံမျိုးမဆို ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဝင်များ၊ ရှေ့နေများနှင့် ကျွမ်းကျင်သူ ဆေးပညာရှင်များအနေဖြင့် လွတ်လပ်စွာ တွေ့ဆုံခွင့်ရရှိရေးကို မပါမဖြစ်အခြေအနေတစ်ရပ်အဖြစ် သတ်မှတ်ပေးရန် သမ္မတ မာကို့စ်ထံ ပေးပို့သောစာတွင် တောင်းဆိုထားသည်။ ထို့အပြင် ယခုနှစ်အတွင်း မင်းအောင်လှိုင်အပေါ် ဒေသတွင်း ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် တီမောလက်စတေအစိုးရ၏ သမ္မတ ရာမို့စ်-ဟော်တာအနေဖြင့်လည်း အာဆီယံအစုအဖွဲ့အား တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်လာစေရန် တွန်းအားပေးပေးရန် APHR က တိုက်တွန်းထားသည်။

ဒေသတွင်း လူ့အခွင့်အရေး တိုးတက်ဖြစ်ထွန်းမှုများကို ဆွေးနွေးကြမည့် ဇူလိုင် ၂၀ ရက်က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရချများ၏ လူ့အခွင့်အရေး ကော်မရှင် (AICHR) တို့၏ ကြားဖြတ်အစည်းအဝေး (AMM-AICHR Interface Meeting) တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ ဝေဖန်မှုအပေါ် တုံ့ပြန်သည့် အထူးကိုယ်စားလှယ်၏ ဇူလိုင် ၁၉ ရက် ထုတ်ပြန်ချက်တွင် အာဆီယံ၏ မြန်မာ့အရေး အဓိကမူဘောင်အဖြစ် ဘုံသဘောတူညီချက် ၅ ချက် ကို ပြန်လည်အတည်ပြုခဲ့ခြင်းအပေါ် APHR က မှတ်တမ်းတင်ထားကြောင်းဖော်ပြခဲ့သည်။

သို့ရာတွင် ပြန်လည်ကတိပြုခြင်းသည် ဘုံသဘောတူညီချက် ၅ ချက်အရ ထွက်ပေါ်လာရမည့် လက်တွေ့ကျပြီး စစ်ဆေးအတည်ပြုနိုင်သော ရလဒ်များအတွက် အစားထိုး၍မရနိုင်ကြောင်း၊ ယင်းရလဒ်များထဲတွင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိပြီး ဘေးကင်းလုံခြုံနေကြောင်း အထောက်အထားပြသရန် တောင်းဆိုမှုလည်း ပါဝင်ကြောင်း APHR က အလေးအနက် ဖော်ပြထားသည်။

ယခုသီတင်းပတ်တွင် နိုင်ငံခြားရေးဝန်ကြီးများ စုဝေးရောက်ရှိနေကြစဉ် နေပြည်တော်နှင့် ပြန်လည်ထိတွေ့ဆက်ဆံမှုများသည် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း ရှိ မရှိကို တိုင်းတာနိုင်သည့် ရေတို စမ်းသပ်ချက်တစ်ခုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှင်လျက်ရှိကြောင်း အထောက်အထားပြသရေး (Proof of Life) ကိစ္စကို နောင်လာမည့် ထိပ်သီးအစည်းအဝေးသို့ ထပ်မံရွှေ့ဆိုင်းမထားဘဲ အာဆီယံဥက္ကဋ္ဌအနေဖြင့် ချက်ချင်းကိုင်တွယ်ဆောင်ရွက်ရန် APHR က တိုက်တွန်းတောင်းဆိုလိုက်သည်။

ကိုးကား-APHR

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed