PSM(News)

ဇူလိုင် ၂၀၊ ၂၀၂၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားပြုမှုရှိသည့် နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ အပြည့်အဝ ပါဝင်မှုမရှိဘဲ မည်သည့်နိုင်ငံရေး ဖြစ်စဉ်မျိုးမဆို ပြည်သူလူထု၏ ယုံကြည်လက်ခံမှုကို ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ ဇူလိုင် ၂၀ ရက် ရက်စွဲဖြင့် သတိပေးထုတ်ပြန်သည်။

ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ၏ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုများကို ကြိုဆိုပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်သည် အဓိက မူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်း အသိအမှတ်ပြုသော်လည်း လက်ရှိ ပဋိပက္ခ၏ မူလအကြောင်းအရင်းမှာ ၂၀၂၀ ခုနှစ် ပြည်သူ့ဆန္ဒ မဲရလဒ်ကို ပယ်ဖျက်၍ အာဏာလု စစ်အုပ်စုက လက်နက်အားကိုးဖြင့် မတရား အာဏာသိမ်းယူခဲ့ခြင်းကြောင့်ဖြစ်သည်ဟု NLD က ထောက်ပြထားသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ပြည်သူလူထု၏ တရားဝင် ဆင့်လွှဲအာဏာ ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပါဝင်ဆောင်ရွက်မှုသည် “မရှိမဖြစ် လိုအပ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံအနေဖြင့် မြန်မာ့အရေး ဆောင်ရွက်ရာတွင် ထိတွေ့ဆက်ဆံရေး မူဝါဒကို ကျင့်သုံးနိုင် သော်လည်းအာဏာလု စစ်အုပ်စု ပြုလုပ်ရန် ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေးကို အသိအမှတ်ပြုသည့်အဆင့်သို့ မရောက်ရှိစေရန် အထူးအရေး ကြီးကြောင်း NLD က တိုက်တွန်းထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိ အကျပ်အတည်းများကို ဖြေရှင်းရာတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အမှန်တကယ် လိုအပ်သည့် နေရာများသို့ အဟန့်အတားမရှိ ရောက်ရှိစေရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးတို့ကို မရှိမဖြစ် လုပ်ဆောင်ရမည်ဟုလည်း NLD က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် အဓိက အတားအဆီးဖြစ်ပြီး လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်သည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်မှသာ ပဋိပက္ခ ချုပ်ငြိမ်းရေး အရှိန်မြှင့်တင် နိုင်မည်ဖြစ်သည်။

NLD အနေဖြင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံညှိနှိုင်းရေးမူဖြင့်သာ အဖြေရှာလိုပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီ အခြေခံမူများနှင့် ဥပဒေစိုးမိုးရေးတို့ကို အခြေခံသွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်။

ပုံစာ-လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်။

Myanmar opposition leader Aung San Suu Kyi (C) smiles to supporters as she campaigns in the country’s second largest city of Mandalay in central Myanmar on March 3, 2012. Tens of thousands cheered on the Nobel Peace Prize Laureate and hundreds of vehicles followed her convoy as it slowly made its way along the route from the airport to the city centre. AFP PHOTO / SOE THAN WIN (Photo credit should read Soe Than WIN/AFP/Getty Images)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed